
ယာဂန်ကလော့ပ်ကိုင်တွယ်ချင်တဲ့ ဘောလုံးအသင်းနှစ်ခုဆိုပြီး သတင်းထွက်ပေါ်လာ
ယာဂန်ကလော့ပ်ရဲ့အရင်းနှီးဆုံးမိတ်ဆွေတစ်ဦးဖြစ်သူ မီရိုဆလပ်တန်ဂျ်ဂါက ဂျာမန်သားကြီးအနေဖြင့် ဘောလုံးလောကမှအနားမယူခင် ရီးရဲလ်မက်ဒရစ်နဲ့ ဂျာမနီလက်ရွေးစင်အသင်းတို့ကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေတယ်လို့ ရှင်းပြလာခဲ့ပါတယ်။ လီဗာပူးမှထွက်ခွာလာပြီးနောက် လက်ရှိမှာ ယာဂန်ကလော့ပ်က Red Bull အုပ်စုရဲ့ Global Head of Soccer အဖြစ် တာဝန်ယူနေပါတယ်။ ဒါပေမယ့် မိန့်ဇ်အသင်းမှာ ကလော့ပ်နဲ့တွဲဖော်တွဲဖက်ဖြစ်ခဲ့ဖူးတဲ့ တန်ဂျ်ဂါကတော့ ဂျာမန်သားကြီးဆီမှာ စိတ်ကူးယဉ်ကိုယ်ပိုင်အိပ်မက်နှစ်ခု ရှိနေပါသေးတယ်လို့ ပြောကြားခဲ့ပါတယ်။
တဖက်မှာလည်း ရီးရဲလ်မက်ဒရစ်က အန်ဆယ်လော့တီရဲ့ ဘရာဇီးနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားမှုနဲ့အတူ မကြာမီနည်းပြသစ်ရှာပုံတော်ဖွင့်သွားရပါလိမ့်မယ်။ ယာဂန်ကလော့ပ်စိတ်ဝင်စားတဲ့ နောက်တစ်ခုကတော့ ဂျာမန်လက်ရွေးစင်အသင်းနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ဒါပေမယ့် တန်ဂျ်ဂါရဲ့စကားလုံးတွေက မက်ဒရစ်မှာရှိနေသူတွေရဲ့စိတ်ကို ချောက်ချားသွားစေနိုင်ပါတယ်။
တန်ဂျ်ဂါက “ လီဗာပူးမှထွက်ခွာလာချိန် ယာဂန်ကလော့ပ် ကျွန်တော့်ဆီပြောခဲ့ဖူးတဲ့အရာက ဂျာမနီလက်ရွေးစင်အသင်းဖြစ်ဖြစ်၊ ရီးရဲလ်မက်ဒရစ်ဖြစ်ဖြစ် ကိုင်တွယ်ချင်တဲ့ဆန္ဒနှစ်ခု သူ့ဆီမှာ ရှိခဲ့တယ်ဆိုတာပါပဲ။ ဘယ်အိပ်မက်က အမှန်တကယ်လက်တွေ့ဖြစ်လာမလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။
ယာဂန်ကလော့ပ်က ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသူတစ်ဦးဆိုတာ သေချာပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒါတွေအားလုံးက ထင်ကြေးပေးမှုသက်သက် ဖြစ်သွားပါပြီ။ လီဗာပူးမှလွဲလို့ အင်္ဂလန်မှာ ယာဂန်ကလော့ပ် အလုပ်ပြန်မလုပ်ဘူးဆိုတာလည်း ကျွန်တော်သိပါတယ်။ သူက စီးရီးအေတို့၊ ပြင်သစ်လီဂူးတို့ဆီလည်း မသွားချင်ပါဘူး။ ဒါကြောင့် တချိန်ချိန်မှာတော့ ဂျာမန်လက်ရွေးစင်အသင်းနည်းပြ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
ကလော့ပ်က အခုသီတင်းပတ်ကုန်၊ ဘိုင်ယန်မြူးနစ်နဲ့ကစားမယ့် လိုက်ပ်ဇစ်ရဲ့ဘွန်ဒက်စ်လီဂါပွဲစဉ်ဆီ စိတ်အားတက်ကြွမှုအပြည့်ရှိတဲ့ အကဲဖြတ်တစ်ဦးအဖြစ် ရောက်ရှိလာပါလိမ့်မယ်။ ဒီပွဲစဉ်မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဘိုင်ယန်မြူးနစ်အတွက် ဟယ်ရီကိန်းမပါဝင်နိုင်ပေမယ့် လိုက်ပ်ဇစ်ကို အနိုင်ရရှိမယ်ဆိုရင် ဘာဗေးရီးယန်းသားတွေ အခုရာသီ၊ ဘွန်ဒက်စ်လီဂါချန်ပီယံ ဖြစ်လာပါလိမ့်မယ်။