The network connection is lost.

Banner Image

ဘီလ်ဘာအိုကို ၃ ဂိုးပြတ်နိုင်ထားပေမယ့် ဗိုလ်လုပွဲသို့တက်ရောက်နိုင်ဖို့ မသေချာသေးကြောင်း ဖာနန်ဒက်စ်ဝန်ခံ

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သောကြာနေ့နံနက်ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဘီလ်ဘာအိုကို ၀-၃ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့ကျန်နေသေးတာကြောင့် နောက်တစ်ဆင့်သို့တက်ရောက်နိုင်ဖို့ မသေချာသေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်ကို ယူနိုက်တက်ဟာ စပိန်မြေမှာသွားရောက်ကစားခဲ့ရပေမယ့် စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီး ပထမပိုင်းမှာပဲ ၃ ဂိုးပြတ်သွင်းပြီး သက်တောင့်သက်သာ နိုင်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အတွက်ဂိုးတွေကို ကွင်းလယ်လူ ကတ်စ်မဲရိုးက ၁ ဂိုးနဲ့ ဖာနန်ဒက်စ်က ၂ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

လာမယ့်အပတ်သောကြာနေ့မှာ ဒုတိယအကျော့ပွဲစဉ်ကို အိုးလ်ထရက်ဖို့ဒ်မှာယှဉ်ပြိုင်သွားရမှာဖြစ်လို့ ယူနိုက်တက်အနေနဲ့ ၃ ဂိုးအထိပြန်မပေးရပါက ဗိုလ်လုပွဲသို့တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း ဖာနန်ဒက်စ်က အသင်းဟာ ဗိုလ်လုပွဲသို့တက်လှမ်းနိုင်ပြီလို့ အာမ မခံနိုင်သေးကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ပေါ်တူဂီလက်ရွေးစင်က "ကျွန်တော်တို့ ဒုတိယအကျော့မှာလည်း ပထမအကျော့က ရလဒ်ကို ခေါင်းထဲမထည့်ဘဲ ၀-၀ ဆိုတဲ့ရလဒ်နဲ့ ယှဉ်ပြိုင်သွားရပါမယ်။ ကျွန်တော်တို့ အိမ်ကွင်းပရိသတ်တွေအရှေ့မှာ နိုင်ပွဲလိုချင်ပြီး သူတို့အတွက် အရမ်းကောင်းတဲ့ရလဒ်ကို ပုံဖော်ပေးချင်ပါတယ်"

"ကျွန်တော်တို့ နှိမ့်ချဖို့လည်း လိုပါတယ်။ ဘီလ်ဘာအိုက အရမ်းကောင်းတဲ့အသင်းတစ်သင်းပါ။ ကျွန်တော်တို့ ၃ ဂိုးထက်ပိုသွင်းလို့မရအောင် ဒုတိယပိုင်းမှာ သူတို့ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီရလဒ်က ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ပြီးတော့ ပွဲအစ မိနစ် ၂၀ လောက်အတွင်း ပုံစံကောင်းပြသနိုင်ခဲ့တာလည်း အရေးကြီးပါတယ်" လို့ပြောကြားခဲ့ပါတယ်။