
တော့တင်ဟမ်ကိုငြင်းပယ်ပြီး ယူနိုက်တက်ကိုဘာကြောင့်ရွေးချယ်ခဲ့သလဲ ရှင်းပြလာတဲ့ အမ်ဘွေမို
ဘရန့်ဖို့ဒ်မှ မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့ကြေး ပေါင် ၇၁ သန်းနဲ့ရောက်ရှိလာခဲ့တဲ့ တိုက်စစ်ကြယ်ပွင့် အမ်ဘွေမိုက သူ့အနေနဲ့ ဘာကြောင့် တော့တင်ဟမ်ကိုငြင်းပယ်ပြီး ယူနိုက်တက်ကိုရွေးချယ်ခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
ယခုနွေရာသီအတွင်း တော့တင်ဟမ်ဟာ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး ဖရန့်ခ်ရဲ့အကူအညီနဲ့ အမ်ဘွေမိုကိုခေါ်ယူဖို့ပါ ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း အသက်-၂၅ နှစ်အရွယ်ကစားသမားကတော့ သူ့ဆရာနောက်ကို လိုက်ဖို့ငြင်းပယ်ခဲ့ပြီး ယူနိုက်တက်ကိုသာရွေးချယ်ခဲ့ပါတယ်။
ယခုအခါမှာတော့ ယူနိုက်တက်ဟာ ကင်မရွန်းလက်ရွေးစင်ကို ပြောင်းရွှေ့ကြေးပေါင် ၆၅ သန်း+အပိုဆုကြေးပေါင် ၆ သန်းနဲ့ ခေါ်ယူခဲ့ပြီး ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုခဲ့ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘရန့်ဖို့ဒ်အတွက် အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့တဲ့ အမ်ဘွေမိုဟာ ပရီးမီးယားလိဂ် ၃၈ ပွဲစလုံးပါဝင်ကစားခဲ့ပြီး ဂိုး ၂၀ အထိသွင်းယူနိုင်ခဲ့ပါတယ်။
ယခုအခါမှာတော့ အမ်ဘွေမိုက "မန်ချက်စတာယူနိုက်တက်ကိုပြောင်းနိုင်ဖို့ အခွင့်အရေးရှိတယ်လို့ စသိလိုက်ကတည်းက ဒီအခွင့်အရေးကိုအရယူပြီး ကျွန်တော့်အိပ်မက်ထဲကအသင်းဆီ အရောက်သွားနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်က ယူနိုက်တက်ကိုအားပေးရင်း ကြီးပြင်းခဲ့ရသူပါ"
"ကျွန်တော့်ရဲ့ဒီနေ့စိတ်ဓာတ်က မနေ့ကစိတ်ဓာတ်ထက်ပိုကောင်းနေရပါမယ်။ နည်းပြရူဘင်အာမိုရင်ရဲ့ဦးဆောင်မှုနဲ့အတူ ကမ္ဘာ့အဆင့်ကစားသမားတွေနဲ့ တွဲဖက်ကစားဖို့ ကျွန်တော်အဆင်သင့်ဖြစ်နေပါပြီ။ အခုကျွန်တော်ဒီကိုရောက်ရောက်ချင်းပဲ ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေက အသင်းရဲ့အနာဂတ်အစီအစဉ်တွေကို ပြောပြကြပါတယ်။ ဒီကလပ်က ကြီးမားပြီး အရမ်းကောင်းတဲ့ဘောလုံးကွင်းနဲ့ မယုံနိုင်စရာပရိသတ်တွေရှိပါတယ်။ အကြီးမားဆုံးဆုဖလားတွေကိုစိန်ခေါ်နိုင်ဖို့ ဆုံးဖြတ်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဘက်ကလည်း အမ်ဘွေမိုကို ခေါ်ယူနိုင်ခဲ့တာကြောင့် ဝမ်းသာမိကြောင်း ပြောကြားခဲ့ပြီး ကစားသမားကိုလည်း ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ တော့တင်ဟမ်နည်းပြ ဖရန့်ခ်ကလည်း အမ်ဘွေမိုဟာ ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ ထိုက်တန်ကြောင်းကို "အမ်ဘွေမိုက ကစားသမားကောင်းတစ်ယောက်ပါ။ ကျွန်တော်သူနဲ့ ၅ နှစ်ကြာကာလကိုဖြတ်သန်းခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့က သူနဲ့ထိုက်တန်ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ကောင်းကောင်းမွန်မွန်ရှေ့ဆက်ပြီး အကောင်းဆုံးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အမ်ဘွေမိုဟာ ဘရန့်ဖို့ဒ်မှာနေထိုင်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ပြိုင်ပွဲစုံ ၂၄၂ ပွဲပါဝင်ကစားခဲ့ပြီး ဂိုး ၇၀ သွင်းယူကာ ဂိုးဖန်တီးမှု ၅၁ ကြိမ်အထိပြုလုပ်ပေးခဲ့ပါတယ်။