
၂၀၂၆ ခုနှစ်ဘာစီလိုနာအသင်းဥက္ကဌ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်လာမယ့် မက်ဆီ
ဘာစီလိုနာဂန္ထဝင်ကစားသမားဟောင်း လီယွန်နယ်မက်ဆီဟာ လာမယ့် ၂၀၂၆ ခုနှစ် အသင်းဥက္ကဌရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်လာမယ်လို့ သတင်းတွေထွက်ပေါ်လာပြီး အာဂျင်တီးနားလက်ရွေးစင်ဟာ လက်ရှိ ဘာစီလိုနာဥက္ကဌ ဂျိုအန်လာပေါ်တာကို ဆန့်ကျင်သွားမယ်လို့သိရပါတယ်။
လာပေါ်တာအနေနဲ့ကတော့ ဘာစီလိုနာအသင်းအတွက် စတုတ္ထအကြိမ်မြောက် ဥက္ကဌအဖြစ် ဆက်လက်တည်ရှိနိုင်ဖို့ ကြိုးစားသွားမှာဖြစ်လို့ မက်ဆီနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ အလားအလာများနေပါတယ်။ မက်ဆီဟာ လာပေါ်တာကို ထောက်ခံသွားမှာမဟုတ်ဘဲ အခြားရွေးကောက်ခံပြိုင်ဘက် တစ်ဦးကို ရွေးချယ်ထောက်ခံသွားမယ်လို့ SER သတင်းဌာနက ဖော်ပြလာခဲ့ပါတယ်။
လာပေါ်တာဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာကို ပြည်တွင်းဆုဖလားအားလုံးဆွတ်ခူးစေခဲ့တာကြောင့် ဥက္ကဌအဖြစ် ဆက်လက်ရွေးချယ်ခံရဖို့ အခွင့်အရေးများနေပေမယ့် မက်ဆီရဲ့ ပါဝင်ပတ်သက်မှုက ရွေးကောက်ပွဲရဲ့ရလဒ်ကို တစ်မျိုးတစ်ဖုံပြောင်းလဲသွားစေနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။
လာပေါ်တာဟာ ၂၀၂၁ ခုနှစ်မှာ ဘာစီလိုနာဥက္ကဌဖြစ်လာခဲ့ပြီး ထိုစဉ်က အသင်းရဲ့စူပါစတားမက်ဆီကို နူးကမ့်မှာဆက်လက်ထားရှိမယ်လို့ ကတိပေးခဲ့ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာတော့ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေကြောင့် မက်ဆီအနေနဲ့ ဘာစီလိုနာမှထွက်ခွာခဲ့ရပြီး ပီအက်စ်ဂျီသို့ ပြောင်းရွှေ့သွားခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် မက်ဆီနဲ့ သူ့ရဲ့မိသားစုဟာ လာပေါ်တာရဲ့လုပ်ဆောင်ချက်တွေကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ သူတို့ကိုသစ္စာဖောက်ခဲ့တယ်လို့လည်း ယူဆခဲ့ကြကြောင်း သတင်းတွေကဆိုပါတယ်။
၂၀၂၆ ရွေးကောက်ပွဲမှာ ဗစ်တာဖောင့်နဲ့ ဂျိုအန်ကမ်ပရူဘီတို့က လာပေါ်တာနဲ့အပြိုင် ဘာစီလိုနာဥက္ကဌအဖြစ် ရွေးကောက်ခံသွားဖွယ်ရှိနေပြီး လက်ရှိအချိန်အထိတော့ မက်ဆီအနေနဲ့ ဘယ်သူ့ကို ထောက်ခံသွားမလဲဆိုတာ မသိရသေးပါဘူး။သို့သော်လည်း မက်ဆီရဲ့ပါဝင်ပတ်သက်မှုနဲ့အတူ ရွေးကောက်ပွဲရဲ့အဖြေဟာ အပြောင်းအလဲဖြစ်သွားနိုင်မယ်လို့တော့ ခန့်မှန်းရပါမယ်။