
အာဒါဂူလာဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကစားသမားဖြစ်လာလိမ့်မယ်လို့ အန်ဆယ်လော့တီချီးကျူး
ရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီက အသင်းရဲ့လူငယ်ကွင်းလယ်ကစားသမားလေး အာဒါဂူလာဟာ လက်ရှိအချိန်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရပေမယ့် အနာဂတ်မှာတော့ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ယခုရာသီမှာ ဂူလာဟာ နေရာရဖို့ ရုန်းကန်နေရပြီး ရီးရဲလ်မက်ဒရစ်အတွက် အရန်ကစားသမားအဖြစ်သာ အများအားဖြင့် ပါဝင်ကစားခွင့်ရနေတာဖြစ်ပါတယ်။ သို့သော်လည်း အန်ဆယ်လော့တီကတော့ တူရကီကြယ်ပွင့်ဟာ အသင်းအတွက် အလွန်အရေးပါတဲ့ကစားသမားဖြစ်လာမယ်လို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။
အီတလီသားနည်းပြက “သူ တော်တော်လေးတိုးတက်လာပါတယ်။ အသင်းအတွက်လည်း အရေးပါလာပါတယ်။ အနာဂတ်မှာတော့ အသင်းအတွက် အလွန်အရေးပါတဲ့ကစားသမားဖြစ်လာမှာပါ။ သူ့ရဲ့အရည်အသွေးကို ပြသထားနိုင်ပြီး ရပ်တန့်လို့မရတဲ့ကစားသမားဆိုတာ သက်သေပြထားပါတယ်။တောင်ပံကစားသမားတစ်ယောက်အနေနဲ့သာမက ကွင်းလယ်ကစားသမားတစ်ယောက်အနေနဲ့ပါ တောက်ပလာမှာပါ။ ရီးရဲလ်မက်ဒရစ်ရဲ့အနာဂတ်မှာသူက အရမ်းအရေးကြီးတဲ့ကစားသမားဖြစ်လာမှာပါ။ ဘာကြောင့်လဲဆိုတော့ အသင်းရဲ့ကွင်းလယ်မှာ သူ့လိုကစားသမားမျိုး အများကြီးမရှိလို့ပါ” လို့ပြောကြားခဲ့ပါတယ်။
ယခုရာသီမှာ အာဒါဂူလာဟာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၃၇ ပွဲပါဝင်ကစားထားပြီး ၄ ဂိုးသွင်းကာ ဂိုဖန်တီးမှု ၈ ကြိမ်ပြုလုပ်ပေးထားပါတယ်။သို့သော်လည်း ဂူလာဟာ အဆိုပါ ၃၇ ပွဲမှ ပွဲထွက်ကစားသမားအဖြစ်တော့ ၁၃ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တူရကီသားဟာ လာမယ့်နွေရာသီမှာ ဘာနေဗျူးကနေ ထွက်ခွာတော့မယ်လို့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။ သို့သော်လည်းရီးရဲလ်မက်ဒရစ်ကတော့ အသက်-၂၀ နှစ်အရွယ်ကစားသမားကို အသင်းမှာပဲဆက်လက်ထိန်းသိမ်းဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။
လက်ရှိလာလီဂါချန်ပီယံတွေဟာ တနင်္ဂနွေနေ့မှာ ဆယ်လ်တာဗီဂိုကို အိမ်ကွင်း ဆန်တီယာဂိုဘာနေဗျူးမှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဘာစီလိုနာနဲ့ အမှတ်မပြတ်စေဖို့ သေချာပေါက်အနိုင်ကစားသွားရပါမယ်။