The network connection is lost.

Banner Image

ဘရာဇီးအသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ရီးရဲလ်မှာပဲ ဆက်ရှိနေမယ့် အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီဟာ ယခုတစ်ပတ်အတွင်းမှာပဲ ရာသီကုန်ပါက အသင်းကနေထွက်ခွာပြီး ဘရာဇီးလက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်သွားတော့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပေမယ့် ယခုအခါမှာတော့ ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်ရှိနေတော့မယ်လို့ သိရပါတယ်။ 

Marca သတင်းဌာရဲ့ဖော်ပြချက်အရ အန်ဆယ်လော့တီဟာ ဘရာဇီးအသင်းနဲ့စာချုပ်ချုပ်ဆိုဖို့အတွက် တနင်္လာနေ့မှာ လန်ဒန်သို့ထွက်ခွာခဲ့တယ်လို့သိရပါတယ်။ သို့သော်လည်း အီတလီသားနည်းပြဟာ စာချုပ်ချုပ်ဆိုခဲ့ခြင်းမရှိဘဲ အင်္ဂါနေ့မှာ စပိန်သို့ ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ အန်ဆယ်လော့တီဟာ ဘရာဇီးဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အက်ဒ်နယ်ဒိုရိုဒရီဂွက်စ်နဲ့တွေ့ဆုံပြီး ရီးရဲလ်မက်ဒစ်မှာပဲ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ထားကြောင်း အသိပေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။ ဘရာဇီးဘက်က အန်ဆယ်လော့တီဟာ လာမယ့်ဇွန်လမှာ ရီးရဲလ်မက်ဒရစ်ကိုစွန့်ခွာပြီး အသင်းနဲ့လာရောက်ပူးပေါင်းမယ်လို့ ယူဆထားပေမယ့် အီတလီသားကတော့ ဩဂုတ်လအထိ ဆန်တီယာဂိုဘာနေဗျူးမှာ ဆက်ရှိနေမယ်လို့သိရပါတယ်။ 

အန်ဆယ်လော့တီဟာ ဘရာဇီးအသင်းရဲ့နည်းပြတာဝန်ထက် ရီးရဲလ်မက်ဒရစ်နဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ပဲ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ သို့သော်လည်း အန်ဆယ်လော့တီဟာ နောက်ရာသီမှာတော့ ရီးရဲလ်မက်ဒရစ်မှာ ဆက်ရှိနေတော့မှာမဟုတ်ပါဘူး။ လက်ရှိသတင်းတွေအရ အီတလီသားဟာ ဆော်ဒီအာရေဗျသို့ပြောင်းရွှေ့ဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။ 

တစ်ချိန်တည်းမှာပဲ အန်ဆယ်လော့တီကို လက်လွှတ်လိုက်ရတဲ့ ဘရာဇီးအနေနဲ့ နည်းပြသစ်တွေ စတင်ရှာဖွေနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အာဂျင်တီးနားကို ၄-၁ နဲ့ဂိုးပြတ်ရှုံးခဲ့ပြီးနောက်မှာ ဘရာဇီးအနေနဲ့ ဒိုရိုင်ဗယ်လ်ကို ရာထူးကနေထုတ်ပယ်ခဲ့ပြီး နည်းပြသစ်ကို ရှာဖွေနေခဲ့တာဖြစ်ပါတယ်။ 

နိုင်ငံတကာပွဲစဉ်တွေကို လာမယ့်ဇွန်လမှာ စတင်သွားမှာဖြစ်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် ဘရာဇီးဟာ အီကွေဒေါ၊ ပါရာဂွေးတို့နဲ့ ကစားသွားရမှာဖြစ်ပါတယ်။ နောက်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲသာမက လာမယ့်ဇွန်လအတွင်းပွဲစဉ်တွေကိုပါ ကိုင်တွယ်ပေးဖို့ ဘရာဇီးဟာ နည်းပြသစ်တစ်ဦး အလျင်အမြန်ခန့်အပ်လိုနေတာဖြစ်ပါတယ်။ 

တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုအတွင်းမှာတော့ ဘရာဇီးဟာ အုပ်စုရဲ့ အဆင့် ၄ နေရာမှာရပ်တည်နေပါတယ်။ အဆိုပါအုပ်စုထဲမှ ထိပ်ဆုံး ၆ သင်းဟာ အမေရိက၊ မက္ကဆီကိုနဲ့ ကနေဒါတို့မှာကျင်းပသွားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရသွားမှာဖြစ်ပြီး အဆင့် ၇ ကအသင်းကတော့ ခြေစစ်ပွဲအောင်ဖို့ ပလေးအော့ဖ်ပွဲစဉ်ကစားသွားရပါမယ်။