The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်မှာ အလွန်ဆိုနဲ့ အလုပ်တွဲလုပ်ရလို့ စိတ်လှုပ်ရှားနေတဲ့ ဗင်နီးစီးယက်စ်

ဗင်နီးစီးယက်စ်ဂျူနီယာက လက်ရှိနည်းပြအလွန်ဆိုနဲ့အတူ ရီးရဲလ်မက်ဒရစ်အသင်း တောက်ပလာနိုင်တဲ့အရာအပေါ် အကောင်းမြင်စိတ် အပြည့်ရှိနေပါတယ်။ ဗင်နီးစီးယက်စ်က အလွန်ဆိုလက်အောက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ဆုဖလားများစွာဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေပါတယ်။ အခုဘောလုံးရာသီ၊ လာလီဂါပြိုင်ပွဲပြီးဆုံးချိန်မှာပဲ အန်ဆယ်လော့တီက သူ့ရဲ့စပိန်မြို့တော်၊ လေးနှစ်တာဒုတိယအကြိမ်သက်တမ်းကာလကို အဆုံးသတ်ပြီး ဘရာဇီးလက်ရွေးစင်အသင်းကို တာဝန်ယူဖို့ မက်ဒရစ်မြို့မှ ထွက်ခွာသွားပါတယ်။

အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်သမိုင်းတလျှောက် ဆုဖလားအောင်မြင်မှုအများဆုံးနည်းပြအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ဒီနောက်မှာတော့ လေဗာကူဆင်နဲ့အတူ အံ့အားသင့်လောက်စရာ နှစ်နှစ်တာသက်တမ်းကာလကို ဖြတ်သန်းနိုင်ခဲ့တဲ့ အလွန်ဆိုက အီတာလျံသားရဲ့နေရာမှာ အစားထိုးရောက်ရှိလာခဲ့ပါတယ်။ အလွန်ဆိုက ၂၀၂၃-၂၀၂၄ ပြည်တွင်းရှုံးပွဲမရှိဘောလုံးရာသီအတွင်း လေဗာကူဆင်ကို ဘွန်ဒက်စ်လီဂါချန်ပီယံဆုနဲ့ ပိုကယ်လ်ဖလားချန်ပီယံဆုရရှိအောင် ဦးဆောင်ပေးခဲ့ပါတယ်။

အလားတူ တဖက်မှာလည်း ဗင်နီးစီးယက်စ်က ရီးရဲလ်မက်ဒရစ်မှာ ကာလရှည်ကစားနိုင်ဖို့အတွက် သူ့ရဲ့စာချုပ်သက်တမ်းတိုးမြှင့်နိုင်ရေးဆွေးနွေးမှုတွေ စတင်နေပြီလို့ သတင်းတွေအရ သိရပါတယ်။ ဗင်နီးစီးယက်စ်ကိုယ်တိုင်လည်း အလွန်ဆိုနဲ့အတူ လက်တွဲလုပ်ကိုင်ရလို့ စိတ်လှုပ်ရှားနေခဲ့ပြီး နည်းပြသစ်လက်အောက်မှာ အောင်မြင်မှုများစွာသိမ်းပိုက်နိုင်ဖို့ ရည်မှန်းချက်ရှိနေပါတယ်။

Real Madrid TV နဲ့တွေ့ဆုံချိန် ဗင်နီးစီးယက်စ်က “ ကျွန်တော်ကိုယ်တိုင် နည်းပြနဲ့ စကားပြောခဲ့ပြီးပါပြီ။ ကျွန်တော် အလွန်ပျော်ရွှင်နေပါတယ်။ နည်းပြသစ်နဲ့အတူ ဆုဖလားတွေ အများကြီးသိမ်းပိုက်နိုင်ဖို့ ဆက်ကြိုးစားသွားချင်ပါတယ်။ အခု ကျွန်တော်တို့တွေ ပြင်းပြင်းထန်ထန်လေ့ကျင့်နေပါတယ်”လို့ ပြောပါတယ်။

ဆုဖလားလက်မဲ့ဘောလုံးရာသီကြုံတွေ့ပြီးနောက် ရီးရဲလ်မက်ဒရစ်က အသင်းလူစာရင်းပိုင်းအင်အားဖြည့်တင်းဖို့ အခုအပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမားသစ်သုံးဦးကို ခေါ်ယူထားပါတယ်။ ပရီးမီးယားလိဂ်အတွဲဖြစ်တဲ့ အာနိုးလ်နဲ့ ဟူဂျ်ဆန်တို့ကတော့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် သူတို့ရဲ့အပြောင်းအရွှေ့တွေကို ပြီးမြောက်နိုင်ခဲ့ပေမယ့် အာဂျင်တီးနားလူငယ် မူစတန်တူအိုနိုကတော့ အသက်-၁၈ နှစ်ပြည့်မြောက်မယ့် သြဂုတ် ၁၄ ရက်မှာ လာလီဂါထိပ်သီးကလပ်ဆီ ရောက်ရှိလာပါလိမ့်မယ်။

နိုင်ငံတကာသီတင်းပတ်အတွင်း ဘရာဇီးလက်ရွေးစင်တာဝန်ထမ်းဆောင်နေရလို့ လတ်တလောမှသာ ရီးရဲလ်မက်ဒရစ်ဆီ ပူးပေါင်းလာနိုင်တဲ့ ဗင်နီးစီးယက်စ်ကတော့ အသင်းဖော်သစ်တွေမှာ အကျိုးသက်ရောက်မှုတစ်ခု ပြုလုပ်နိုင်စွမ်းရှိတယ်လို့ ရှုမြင်နေပါတယ်။ ဗင်နီးစီးယက်စ်က “ သူတို့နဲ့ ကျွန်တော် စကားအနည်းငယ်ပြောဖူးပါတယ်။ ဒါပေမဲ့ သူတို့တွေ ရောက်ရှိလာလို့ ကျွန်တော် ပျော်ရွှင်မိသလို ဒီနေရာမှာ သူတို့အတွက် ပျော်ရွှင်စရာအချိန်တစ်ခု ဖြစ်လာပါလိမ့်မယ်”လို့ ဆိုပါတယ်။