The network connection is lost.

Banner Image

လီဗန်တေးနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဂိုးက ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးသွင်းဂိုးတွေထဲမှ တစ်ဂိုးဖြစ်တယ်လို့ ပြောကြားလာတဲ့ ဗင်နီစီးယက်စ်

ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီစီးယက်စ်ဂျူနီယာဟာ ဗုဒ္ဓဟူးနေ့နံနက်က လီဗန်တေးကို ၁-၄ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာတော့ အဆိုပါဂိုးဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးသွင်းဂိုးတွေထဲမှ တစ်ဂိုးဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။

ဘရာဇီးလက်ရွေးစင်ဟာ ပွဲကစားချိန် ၂၈ မိနစ်မှာပဲ ညာဘက်တောင်ပံမှတစ်ဆင့် ဘောလုံးကိုဂိုးဧရိယာထဲသို့ ဆွဲဝင်လာခဲ့ကာ ညာဘက်ခြေဖမိုးနဲ့ သပ်သပ်ရပ်ရပ် အမှတ်မထင်ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက်ဂိုးတွေကို ဗင်နီစီးယက်စ်၊ မာစတန်တူအိုနိုနဲ့ ခီလီယန်အမ်ဘာပေတို့ကသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ဗင်နီစီးယက်စ်က "ဒီလိုကန်တဲ့ပညာကို လူကာမိုဒရစ်က ကျွန်တော့်ကိုသင်ပေးခဲ့တာပါ။ ကျွန်တော်သူ့ကို သတိရပါတယ်။ ဒီပွဲနိုင်တဲ့အတွက်လည်းပျော်ပါတယ်။ ဒီလိုဂိုးတွေထပ်သွင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်သွင်းဖူးသမျှဂိုးတွေထဲမှာ ဒီဂိုးကလည်း အကောင်းဆုံးထဲမှာပါဝင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဗင်နီစီးယက်စ်ဟာ ယခုရာသီအစမှာ ရီးရဲလ်မက်ဒရစ်အတွက် ပုံမှန်ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေခဲ့ရပြီး ပြီးခဲ့တဲ့စနေနေ့က အက်စ်ပန်ညိုနဲ့ပွဲစဉ်မှာလည်း လူစားလဲခံခဲ့ရလို့ မကျေမနပ်ဖြစ်နေခဲ့ပုံပေါ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ လာလီဂါအမှတ်ပေးဇယားကို ထိပ်ဆုံးကနေဦးဆောင်နေပြီး ဒုတိယနေရာက ဘာစီလိုနာကို ၅ မှတ်အထိ ဖြတ်တောက်ထားနိုင်ပါတယ်။

ဆက်လက်ပြီး ဗင်နီစီးယက်စ်က "ဒီပွဲမှာ အသင်းရဲ့စည်းလုံးမှုနဲ့ ခံစစ်ကစားပုံက အတော်လေးအားရစရာကောင်းခဲ့ပါတယ်။ ဒီလိုပဲဆက်သွားနိုင်မယ်ဆိုရင် ဒီရာသီမှာ အောင်မြင်မှုတွေရရှိဖို့သေချာပါတယ်။ အက်သလက်တီကိုနဲ့ပွဲအတွက် အာရုံစိုက်သွားမှာဖြစ်ပြီး အနိုင်ရဖို့ မျှော်လင့်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။

စနေနေ့ မက်ဒရစ်ဒါဘီမှာ ဗင်နီစီးယက်စ်ကို ပွဲထုတ်သွားမှာလားဆိုတဲ့ မေးခွန်းကို ရီးရဲလ်နည်းပြ ဇာဘီအလွန်ဆိုက"ကျွန်တော်တို့ အခုမှဒီပွဲပြီးကာစပဲရှိပါသေးတယ်။ ဒီနေ့အတွက်ပဲ အာရုံစိုက်ထားခဲ့တာပါ။ မနက်ဖြန်ကစပြီး ဒါဘီပွဲအတွက် စဉ်းစားသွားပါမယ်။ ဒီနေ့ အသင်းရဲ့စွမ်းဆောင်ရည်က အဖက်ဖက်ကနေ ပြီးပြည့်စုံခဲ့ပါတယ်။ ဗင်နီစီးယက်စ်ကလည်း အသင်းအတွက်အရမ်းအရေးပါတဲ့ကစားသမားပါ" လို့ဖြေကြားခဲ့ပါတယ်။