
ရီးရဲလ်မက်ဒရစ်အတွက် ခရီးရှည်ကြီး ကျန်နေပါသေးတယ်လို့ သတိပေးလိုက်တဲ့ အလွန်ဆို
ဇာဘီအလွန်ဆိုလက်အောက် ရီးရဲလ်မက်ဒရစ်က လာလီဂါခြောက်ပွဲကစား၊ ခြောက်ပွဲအနိုင်ရရှိမှုနဲ့အတူ ပြီးပြည့်စုံတဲ့စတင်မှုတစ်ခုကို ပြုလုပ်ထားနိုင်ပါတယ်။ ဒီလိုတိုးတက်မှုတွေအပေါ် ကျေနပ်နေပေမဲ့ စပိန်သားနည်းပြကိုယ်တိုင်ကတော့ ဒါဟာ အစတစ်ခုမျှသာ ဖြစ်ပြီး စပိန်ထိပ်တန်းလိဂ်ရဲ့ထိပ်ဆုံးနေရာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်မယ့် အခွင့်အလမ်းတစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင် တိုးတက်မှုတွေကို ဆက်လက်ထိန်းသိမ်းထားရမယ်လို့ အသင်းဆီ သတိပေးလာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်က ဒီနေ့မနက်ပိုင်းပွဲစဉ်မှာ လီဗန်တေးကို ၄-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် လာလီဂါပြိုင်ပွဲမှာ သူတို့ရဲ့ပြီးပြည့်စုံတဲ့စတင်မှုကို တိုးချဲ့နိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဗင်နီးစီးယက်စ်က ရီးရဲလ်မက်ဒရစ်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သလို မာစတန်တူအိုနိုရဲ့သွင်းဂိုးအတွက်လည်း ဖန်တီးပေးခဲ့ပါတယ်။ ဒုတိယပိုင်းစတင်လာချိန်မှာပဲ လီဗန်တေးက အီယောင်းရဲ့ခေါင်းတိုက်ချက်မှတဆင့် ဗွေဆော်ဦးချေပဂိုးရရှိပေမယ့် အမ်ဘာပေက ပယ်နယ်တီသွင်းဂိုးအပါအဝင် နှစ်ဂိုးဆက်တိုက်သွင်းယူကာ ရီးရဲလ်မက်ဒရစ်ကို စပိန်ထိပ်တန်းလိဂ်မှာ ခြောက်ပွဲဆက်အနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ အလွန်ဆိုက “ ကျွန်တော်တို့ လုပ်နေတဲ့အရာတွေနဲ့ ရလဒ်တွေကြောင့် လမ်းကြောင်းကတော့ ကောင်းမွန်ပါတယ်။ ကျွန်တော်တို့တွေ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ၅၁ ရက်လောက် ရှိနေခဲ့ပြီးပါပြီ။ ဆက်လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးတစ်ခု ကျန်ရှိနေပါသေးတယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ်၊ လာလီဂါနဲ့ ကိုပါဒယ်လ်ရေးတို့မှာ အလုံးစုံပါဝင်ယှဉ်ပြိုင်နိုင်စွမ်းရှိမယ့် ကျစ်လစ်ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်နေပါတယ်။ ကစားသမားအများစုလည်း အချင်းချင်းချိတ်ဆက်ကစားနိုင်ပြီလို့ ယုံကြည်နေကြပါတယ်။ ဒါက အရေးကြီးပါတယ်။ ဒါပေမဲ့ တိုးတက်လာရမယ့်အရာတွေ ရှိနေတုန်းပါပဲ။ အခုထက်ပိုကောင်းအောင် လုပ်နိုင်မယ့်အရာတွေ ရှိပါတယ်။ ကျွန်တော်တို့လုပ်နေတဲ့အရာရယ်၊ ရလဒ်တွေရယ်…. ဒါတွေနဲ့ပတ်သက်လို့ လမ်းကြောင်းကတော့ ကောင်းမွန်ပါတယ်။ အခုတော့ အစမျှသာရှိသေးပြီး ဆက်လက်ပြီးတော့လည်း အကောင်းဆုံးယှဉ်ပြိုင်သွားချင်တယ်”လို့ ပြောပါတယ်။
ဒီနေ့မနက်ပိုင်းပွဲစဉ်ကို အလွန်ဆိုလက်အောက် ပြိုင်ပွဲအသွင်ပွဲစဉ် ၁၃ ခုမှာ ပထမဆုံးအကြိမ်အဖြစ် ဗင်နီးစီးယက်စ် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပါတယ်။ ပွဲထွက်ခွင့်ကန့်သတ်ခံထားရလို့ ဘရာဇီးကြယ်ပွင့် စိတ်ပျက်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ အခုလိုမျိုး ပွဲချိန်ပြည့်ပါဝင်ကစားခွင့် ရရှိခဲ့တာပါ။ ဒါပေမဲ့ ဗင်နီးစီးယက်စ်ကိုယ်တိုင်လည်း သွင်းဂိုးတစ်ဂိုး၊ ဂိုးဖန်တီးမှုတစ်ကြိမ်ဖြင့် နည်းပြဖြစ်သူရဲ့ယုံကြည်မှုကို သက်သေပြနိုင်ခဲ့ပါတယ်။ ပွဲပြီးချိန်မှာလည်း အလွန်ဆိုက ဘရာဇီသားကို အရေးပါလွန်းပြီး အဆုံးအဖြတ်ပေးနိုင်သူလို့ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ဆက်လက်ပြီး ဗင်နီးစီးယက်စ်ကို လာမယ့်ဒါဘီပွဲစဉ်မှာ နေရာပေးသွားမလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ အလွန်ဆိုက “ ကျွန်တော်တို့တွေ ဒီနေ့ပွဲစဉ်အကြောင်းကိုပဲ တွေးနေကြပါတယ်။ မနက်ဖြန်ကျရင်တော့ ဒါဘီပွဲစဉ်အကြောင်းကို စတင်စဉ်းစားနိုင်ပါပြီ”လို့ တုံ့ပြန်ခဲ့ပါတယ်။
ပွဲထွက်လူစာရင်းပိုင်းအလှည့်အပြောင်းပြုလုပ်မှုနဲ့ ဒီအခြေအနေအပေါ် ကစားသမားတွေ ဘယ်လောက်များများ အသားကျနေပြီလဲဆိုတဲ့မေးခွန်းကို လေဗာကူဆင်နည်းပြဟောင်းက သူ့ကစားသမားတွေရဲ့အရည်အသွေးနဲ့ ဘက်စုံသုံးစွဲနိုင်မှုကြောင့် လူစာရင်းပိုင်းအလှည့်အပြောင်းပြုလုပ်မှု မိုမိုလွယ်ကူလာတယ်လို့ ရှင်းပြခဲ့ပါတယ်။
အလွန်ဆိုက “ အရည်အသွေးရှိတဲ့ကစားသမားတွေကို ပိုင်ဆိုင်ထားခြင်းကြောင့် အရာရာတိုင်းကို ပိုမိုလွယ်ကူစေပါတယ်။ လေ့ကျင့်ချိန်အနည်းငယ်လောက်နဲ့ပဲ စိတ်ကူးအိုင်ဒီယာတွေကို နားလည်နိုင်စွမ်းရှိတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းအတွက် မတူညီတဲ့နေရာမှာ မတူညီတဲ့ပုံစံမျိုးနဲ့ ကစားနိုင်စွမ်းရှိတဲ့ ပြုလွယ်ပြင်လွယ်ကစားသမားတွေ ရှိပါတယ်။ အထူးသဖြင့် မီလီတာအိုနဲ့ ကာဗာဂျယ်လ်တို့လို အချို့ကစားသမားတွေအတွက် အနားယူချိန်လိုအပ်ခဲ့တာကြောင့် လူစာရင်းပိုင်းအလှည့်အပြောင်းပြုလုပ်ဖို့ဆိုတာ ကျိုးကြောင်းဆီလျော်တယ်လို့ တွေးမိခဲ့ပါတယ်။ ကျွန်တော်တို့တွေ အရမ်းကြီးပီတီဖြစ်နေလို့ မရပါဘူး။ အခုအချိန်မှာ ဒါဘီပွဲစဉ်အကြောင်းကို စဉ်းစားနေပါပြီ”လို့ ပြောပါတယ်။
ဒါကြောင့် ရီးရဲလ်မက်ဒရစ်က လာမယ့်ရက်ပိုင်းအတွင်း ယှဉ်ပြိုင်ကစားရမယ့် ပွဲကြီးပွဲကောင်းတွေဆီ အာရုံစိုက်လာပါပြီ။ သူတို့တွေက စက်တင်ဘာ ၂၇ ရက်မှာ အက်သလက်တီကိုမက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားပြီးနောက် စက်တင်ဘာ ၃၀ ရက်၊ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကိုင်ရတ်နဲ့ရင်ဆိုင်ဖို့ ကာဇက်စတန်နိုင်ငံဆီ ခရီးထွက်ခွာပါလိမ့်မယ်။ ဒီနောက် အောက်တိုဘာ ၄ ရက်၊ ဘာနေဗျူးမှာ ဗီလာရီးရဲလ်ကို ဧည့်ခံကစားရပါမယ်။