
ဗယ်လီကာနိုနဲ့ သရေကျပြီးနောက် ဘာစီလိုနာကစားသမားတွေကို အဝတ်လဲခန်းထဲမှာ ပိတ်ထားခဲ့တဲ့ ဖလစ်
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ဟာ ဗယ်လီကာနိုကို ၁-၁ နဲ့သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမှာ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် အတော်လေးပေါက်ကွဲခဲ့တာကြောင့် မားကပ်စ်ရက်ရှ်ဖို့ဒ်အပါအဝင် အသင်းရဲ့ကစားသမားတွေကို အဝတ်လဲခန်းထဲမှာ ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။
ဘာစီလိုနာဟာ မာယော့ကာ၊ လီဗန်တေးတို့နဲ့ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါအဖွင့်ပွဲစဉ် ၂ ပွဲမှာ ၃-၀၊ ၃-၂ ဆိုတဲ့ရလဒ်တွေနဲ့အနိုင်ရထားခဲ့တာကြောင့် ယခု ဗယ်လီကာနိုကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်က ဖလစ်အတွက် အတော်လေးဒေါသထွက်စေခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ဘာစီလိုနာဟာ တောင်ပံကစားသမား လာမိုင်းယာမယ်လ်ရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၆၇ မိနစ်မှာ ဖရန်ပီရက်ဇ်က ဗယ်လီကာနိုအတွက် ပြန်လည်ချေပခဲ့တာကြောင့် ၁-၁ ဆိုတဲ့သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
ယခုအခါမှာတော့ The Athletic သတင်းဌာနရဲ့အဆိုအရ ဖလစ်ဟာ ဘာစီလိုနာရဲ့ကစားပုံတွေကို အားရကျေနပ်ခြင်းမရှိဘဲ ဒေါသအိုးပေါက်ကွဲခဲ့တယ်လို့သိရပြီး ကစားသမားတွေကို အဝတ်လဲခန်းထဲမှာ ပိတ်ပြီးအပြစ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာလည်း ဂျာမန်သားနည်းပြဟာ ကစားသမားတွေကို တစ်ကိုယ်ကောင်းမဆန်ကြဖို့ သတိပေးစကားပြောခဲ့ပါတယ်။
ဖလစ်က "အရေးကြီးဆုံးအချက် အခုချိန်မှာ အပြောင်းအရွှေ့ဈေးကွက်က ပိတ်သွားပါပြီ။ ဒီတော့ အသင်းမှာကျန်ရှိတဲ့ကစားသမားတိုင်းက အသင်းအတွက်ပေးဆပ်ဖို့ ၁၀၀ ရာခိုင်နှုန်းတာဝန်ရှိပါတယ်။ အသင်းမှာ တစ်ကိုယ်ကောင်းဆန်နေလို့မရပါဘူး။ တစ်ကိုယ်ကောင်းဆန်တာက အောင်မြင်မှုကို ပျက်စီးစေပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလိုပဲ အားလုံးဟာ တစ်သွေးတည်းတစ်သားတည်းဖြစ်နေရပါမယ်။ အခုချိန်မှာ ဒီလိုပြန်ဖြစ်ဖို့လိုနေပါပြီ" လို့ပြောကြားခဲ့ပါတယ်။
ကစားသမားတွေအနေနဲ့လည်း ဖလစ်ရဲ့ပြောကြားချက်တွေကို ကန့်ကွက်ခြင်းမရှိဘဲ စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်သွားမယ့်အကြောင်းတွေ အသီးသီးပြောကြားထားကြပါတယ်။စက်တင်ဘာလ ၁၄ ရက်နေ့မှာ ဘာစီလိုနာဟာ လာလီဂါပွဲစဉ်အဖြစ် ဗလန်စီယာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။