The network connection is lost.

Banner Image

ဘာစီလိုနာနဲ့ ချိတ်ဆက်မှုတွေရှိနေတဲ့ အယ်လ်ဗာရက်ဇ်နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ဆီမြွန်နီ

အခုမနက်ပိုင်း၊ ဗယ်လီကာနိုကို Comeback ဖြင့် အနိုင်ယူကာ နိုင်ပွဲလမ်းကြောင်းဆီ ပြန်လည်ရောက်ရှိလာတဲ့ အက်သလက်တီကိုမက်ဒရစ်က တိုက်စစ်မှူးအယ်လ်ဗာရက်ဇ်ကို ကျေးဇူးတင်သွားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ မက်ထရိုပိုလီတာနိုကွင်းပွဲစဉ်မှာ အာဂျင်တီးနားတိုက်စစ်မှူးက ဟက်ထရစ်သွင်းယူပြီး အိမ်ရှင်တွေအတွက် ၃-၂ ဂိုးဆိုတဲ့ရလဒ်ကို ဖန်တီးပေးခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်နည်းပြဆီမြွန်နီကိုယ်တိုင်လည်း ဗယ်လီကာနိုကို အနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီးမှာ သူ့ရဲ့အမြင်ကို ထုတ်ဖော်လာပါတယ်။

ဆီမြွန်နီက “ မာယော့ကာနဲ့ပွဲစဉ်မှာ ကျွန်တော်တို့အသင်းကစားပုံ ကောင်းမွန်သလို အနိုင်ရရှိဖို့လည်း ထိုက်တန်ခဲ့ပါတယ်။ ဒီနေ့မှာလည်း အလားတူအခြေအနေမျိုး ဖြစ်သွားပါတယ်။ ပထမပိုင်းမှာဆိုရင် ကျွန်တော်တို့တွေ အပြတ်အသတ်လွှမ်းမိုးကစားနိုင်ပေမယ့် ပြိုင်ဘက်ကလည်း ကျွန်တော်တို့ရဲ့ယုံကြည်မှုကို ထိခိုက်စေမယ့် ကောင်းမွန်တဲ့ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့တွေ ချိန်ညှိမှုအချို့ပြုလုပ်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန်တွေကို အလွန်ကောင်းမွန်စွာ ကျော်ဖြတ်ခဲ့ပါတယ်။ အဲ့ဒီနောက် မိနစ် ၃၀ နဲ့ ၃၅ မိနစ်ကြားမှာ အသင်းက ရှုပ်ထွေးသွားပါတယ်။ ဒီလိုနဲ့ ၁-၂ ဂိုးဖြစ်သွားချိန် ပူဘေလ်၊ ရူဂါရီတို့ကို လူစားလဲထည့်သွင်းခဲ့ပါတယ်။ အသင်းရဲ့ကစားပုံ အရမ်းကောင်းမွန်ပြီး တိုက်စစ်လမ်းကြောင်းတွေလည်း ရှာဖွေနိုင်ခဲ့ပါတယ်။ ပွဲစဉ်ကို အကောင်းဆုံးထိန်းချုပ်ထားနိုင်ပြီး ကျွန်တော်တို့အတွက် ယုံကြည်မှု၊ တည်ငြိမ်မှုနဲ့ အမိန့်တွေ ထုတ်ပြန်ပေးလာပါတယ်။ အဲ့ဒီနေရာမှာပဲ အယ်လ်ဗာရက်ဇ်ရဲ့ သွင်းဂိုးနှစ်ဂိုး ပေါ်ပေါက်လာတာပါ။ အခွင့်အရေးတွေလည်း ထပ်ရပြီး သွင်းဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ အဆုံးမှာတော့ အယ်လ်ဗာရက်ဇ်ရဲ့အမိုက်စားသွင်းဂိုးနဲ့ ပွဲစဉ်ကို ပိတ်သိမ်းနိုင်ခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ်သာ အမိုက်စားသွင်းဂိုးနှစ်ဂိုးကို မသွင်းယူဘူးဆိုရင် အခုအချိန်မှာ ကျွန်တော်တို့တွေ အခြားအကြောင်းအရာကိုပဲ ဆွေးနွေးနေရပါလိမ့်မယ်။ ဒါက ဘောလုံးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပါ။ ဒါပေမဲ့ အခုတစ်ကြိမ်တော့ ကျွန်တော်တို့ ဂိုးသွင်းယူနိုင်ပါပြီ။ ၂-၂ ဆိုတဲ့ရလဒ်က ဘဝကို ရှင်သန်စေပြီး တတိယမြောက်ဂိုးကတော့ အရမ်းကောင်းလွန်းပါတယ်”လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဆီမြွန်နီက ဘာစီလိုနာနဲ့ချိတ်ဆက်မှုများစွာရှိနေပေမယ့် နှောင်နှစ်ပေါင်းများစွာအထိ လက်တွဲသွားဖို့ ရည်မှန်းထားတဲ့ အယ်လ်ဗာရက်ဇ်ကိုလည်း ချီးကျူးစကားပြောဆိုခဲ့ပါတယ်။ အာဂျင်တီးနားလူမျိုးနည်းပြက “ အယ်လ်ဗာရက်ဇ်ဆိုတာ ကျွန်တော်တို့မှာရှိနေတဲ့ အကောင်းဆုံးကစားသမားပါ။ သူ့ကို ဂရုစိုက်ပေးဖို့လိုအပ်သလို နောင်နှစ်ပေါင်းများစွာအထိ ဒီအသင်းမှာ သူဆက်ရှိနေစေဖို့ သေချာလုပ်သွားရပါမယ်။ သူကိုယ်တိုင် ကျွန်တော်တို့ကို ကူညီပေးရမှာဖြစ်သလို ကျွန်တော်တို့ကလည်း သူ့ကို ပြန်ကူညီပေးသွားရပါမယ်။ ဒါကြောင့် သူက အရင်အတိတ်ကာလထက်တောင် ပိုကောင်းလာနိုင်ပါတယ်။ အပြောင်းအလဲတစ်ခုကို သူလုပ်ပြလိုက်ချိန်တိုင်း ကျွန်တော်တို့အတွက် အကူအညီအများကြီးဖြစ်စေပါတယ်”လို့ ပြောပါတယ်။