
ကာဗာဂျယ်လ်ရဲ့အနီကတ်ပြစ်ဒဏ်အပြီး စည်းကမ်းပိုင်းဆိုင်ရာဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ့် အလွန်ဆို
ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုက သူ့အသင်းအတွက် နှစ်ပွဲဆက်အနီကတ်ပြစ်ဒဏ် ပေါ်ပေါက်လာပြီးနောက် ကစားသမားတွေနဲ့အတူ စည်းကမ်းပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပွဲစဉ်အတွင်း ဟူဂျ်ဆန်ထုတ်ပယ်ခံရသလို ဒီနေ့မနက်ပွဲစဉ်မှာလည်း ကာဗာဂျယ်လ် အနီကတ်ပြစ်ဒဏ် ထိခဲ့ပါတယ်။ ဟူဂျ်ဆန်ရဲ့အနီကတ်အတွက် ပြင်းပြင်းထန်ထန်ခုခံပေးခဲ့ပေမယ့် ဒီတစ်ကြိမ်၊ ကာဗာဂျယ်လ်ထုတ်ပယ်ခံရမှုမှာတော့ အသင်းခေါင်းဆောင်ကိုယ်တိုင် အခုထက်ပိုမိုကောင်းမွန်တဲ့ အပြုအမူမျိုး လုပ်ဆောင်ခဲ့သင့်တယ်လို့ အလွန်ဆိုက တိတ်တဆိတ်ဝန်ခံခဲ့ပါတယ်။
Marca သတင်းဌာနနဲ့တွေ့ဆုံချိန် သူက “ ထုတ်ပယ်ခံရမှုကို ကျွန်တော်တို့ဘက်က ရှောင်လွှဲလိုက်လို့ မရပါဘူး။ ဒါက ရှက်စရာကောင်းပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်သွားရပါလိမ့်မယ်။ ကွင်းလယ်ဒိုင်ပြောလာမယ့်အရာတွေကတော့ နောက်ကိစ္စတစ်ခုပေါ့”လို့ ပြောပါတယ်။
ဒါပေမဲ့ အလွန်ဆိုက ပထမပိုင်းပွဲချိန်အတွင်း မာဆေးလ်ရဲ့သွင်းဂိုးမှာ ဘောလုံးပေးပို့ပုံမှားယွင်းခဲ့တဲ့ အာဒါဂူလာကို ခွင့်လွှတ်ပေးဖို့ အဆင်သင့်ရှိနေခဲ့ပါတယ်။ သူ့က ဒီကိစ္စကို နေရာအသစ်မှာ အသားကျစေဖို့ သင်ယူသွားရမယ့်လုပ်ငန်းစဉ်တွေရဲ့ အစိတ်အပိုင်းတစ်ရပ်လို့ ရှုမြင်ထားခဲ့ပါတယ်။
အလွန်ဆိုက “ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလတုန်းက ကျွန်တော် ပြောခဲ့ဖူးသလိုပါပဲ၊ ကျွန်တော်တို့က အခုထက်ပိုပြီး အဓိပ္ပါယ်ရှိတဲ့ အမြင်မျိုးနဲ့ အာဒါဂူလာဆီမှာ ရင်းနှီးမြှုပ်နှံခဲ့တာပါ။ အာဒါဂူလာကိုယ်တိုင်လည်း ရှိသင့်ရှိထိုက်တာထက်ပိုပြီး ဘောလုံးထိချက်တွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် အမှားဆိုတာ ပေါ်ပေါက်လာတာပါ။ ပြဿနာမရှိပါဘူး။ သူက လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပါပြီ။ မာစတန်တူအိုနိုနဲ့ ပတ်သက်ပြီးတော့လည်း ဒီအတိုင်းပဲ ပြောချင်ပါတယ်။ သူလည်း အကောင်းဆုံးတွေ လုပ်ပြလာနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သူ့မှာ အခွင့်အလမ်းတွေ ရှိနေပါတယ်”လို့ ဆိုပါတယ်။
ယေဘုယျအားဖြင့် အလွန်ဆိုက ရီးရဲလ်မက်ဒရစ်ရဲ့ပွဲစတင်လာပုံနဲ့ ကာဗာဂျယ်လ်အနီကတ်ပြစ်ဒဏ်အပြီး အသင်းရဲ့တုံ့ပြန်ပုံတို့အပေါ် ကျေနပ်အားရခဲ့ပါတယ်။ သူက “ ပွဲအတွင်းမှာ ကိစ္စတွေ အများကြီးဖြစ်ပျက်ခဲ့ပါတယ်။ ပထမပိုင်းနာရီဝက်အထိ ကစားပုံက အရမ်းကောင်းပါတယ်။ ပြိုင်ဘက်ကို အရှိန်အဟုန်အပြည့်ဖိအားပေးပြီး အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ ဦးဆောင်ဂိုးရရှိသင့်ပေမယ့် ဦးဆောင်ဂိုးပဲ ပေးလိုက်ရပါတယ်။
ဒီနောက်မှာတော့ ပွဲက တဖြည်းဖြည်းမျှတလာခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာ အခွင့်အရေးတွေ အများကြီးမရရှိပေမဲ့ ကျွန်တော်တို့ တွန်းအားပေးနေခဲ့ပါတယ်။ ဒါပေမဲ့ ကာဗာဂျယ်လ်အရှုပ်အထွေးမတိုင်ခင် ကျွန်တော်တို့ရဲ့ကစားပုံ အလုပ်ဖြစ်ခဲ့တယ်ဆိုတဲ့အတွေးမျိုး ကျွန်တော်မှာ ရှိပါတယ်။ ကျွန်တော်တို့က ဘာနေဗျူးကွင်းမှာ ချန်ပီယံလိဂ်စိတ်ဓါတ်ပိုင်းကို သယ်ဆောင်လာနိုင်ခဲ့ပြီး ၂-၁ ဂိုးဖြစ်သွားချိန်မှာလည်း လက်ကျန်ကစားသမား ၁၀ ဦးနဲ့အတူ ခုခံကာကွယ်နိုင်ခဲ့ပါတယ်။ အလွန်အရေးကြီးတဲ့ သုံးမှတ်တန်၊ နိုင်ပွဲတစ်ခုပါ”လို့ ပြောပါတယ်။