
ဘရာဇီးအသင်းသို့ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေရရှိထားတဲ့ အန်ဆယ်လော့တီ
ရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီဟာ ရာသီကုန်မှာ အသင်းကနေထွက်ခွာကာ လာမယ့် ဇွန်လမှစတင်ပြီး ဘရာဇီးလက်ရွေးစင်အသင်းကို စတင်တာဝန်ယူကိုင်တွယ်ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိခဲ့ပြီလို့သိရပါတယ်။
အပြောင်းအရွှေ့ကျွမ်းကျင် နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ အီတလီသားဟာ ဘရာဇီးနဲ့လက်တွဲဖို့ အခြေခံသဘောတူညီချက်တွေ ရရှိထားတယ်လို့သိရပါတယ်။ အန်ဆယ်လော့တီအနေနဲ့ မြောက်အမေရိက၊ မက္ကဆီကိုနဲ့ ကနေဒါတို့မှာကျင်းပသွားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးအတွက် အောင်မြင်မှုရယူပေးဖို့ အဓိက ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
သတင်းတွေအရ အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်အတွက် အောင်မြင်မှုတွေ အလီလီဆွတ်ခူးပေးထားနိုင်ပေမယ့် အသင်းကနေထွက်ခွာချိန်မှာတော့ နှုတ်ဆက်ပွဲကိုခမ်းခမ်းနားနား အကြီးအကျယ်ပြုလုပ်သွားဖို့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။ ဘရာဇီးအနေနဲ့လည်း ဇွန်လ ၆ ရက်နဲ့ ၁၀ ရက်နေ့တွေမှာကစားသွားရမယ့် အီကွေဒေါ၊ ပါရာဂွေးတို့နဲ့ပွဲစဉ်တွေမတိုင်မီ အန်ဆယ်လော့တီကို နည်းပြအဖြစ် အချိန်မီခန့်အပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
ဆက်လက်ပြီး ရိုမာနိုက အန်ဆယ်လော့တီဟာ ဇွန်လနဲ့ ဇူလိုင်လအတွင်းကျင်းပသွားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ရီးရဲလ်မက်ဒရစ်ကို ဦးဆောင်သွားမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ လာလီဂါပြိုင်ပွဲပြီးဆုံးဖို့ ၅ ပွဲသာလိုအပ်တော့ပေမယ့် လက်ရှိအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာရဲ့အောက် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပြီး ရမှတ် ၄ မှတ်ကွာဟနေပါတယ်။ အန်ဆယ်လော့တီရဲ့အသင်းဟာ လက်ကျန်ပွဲစဉ်တွေမှာ ဆယ်လ်တာဗီဂို၊ ဘာစီလိုနာ၊ မာယော့ကာ၊ ဆီဗီလာ၊ ရီးရဲလ်ဆိုစီဒက်တို့နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီရာသီနောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ လာလီဂါဆုဖလားကို ဆွတ်ခူးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။