
ကွန်းဖရန့်လိဂ်မှာ နိုင်ပွဲကိုယ်စီရရှိခဲ့ကြတဲ့ ချဲလ်ဆီးနဲ့ ဘက်တစ်
သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွမှာ ချဲလ်ဆီးက ဒီဂျာဂါးဒင်းကိုအနိုင်ရခဲ့သလို၊ ရီးရဲလ်ဘက်တစ်ကလည်း ဖီအိုရင်တီးနားကိုအနိုင်ရခဲ့တာကြောင့် ၂ သင်းစလုံး ဗိုလ်လုပွဲသို့တက်ရောက်နိုင်ဖို့ အခြေအနေကောင်းလာခဲ့ပါတယ်။
ချဲလ်ဆီးဟာ ဆွီဒင်ကလပ် ဒီဂျာဂါးဒင်းကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ခဲ့ရပေမယ့် အသင်း ၂ သင်းအကြား အရည်အသွေးကွာဟချက်ကို ပေါ်လွင်စေခဲ့ပြီး ၁-၄ ဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၃ မိနစ်မှာပဲ ဂျေဒန်ဆန်ချိုက စတင်သွင်းယူပေးခဲ့ပြီး ပထမပိုင်းပြီးကာနီး ၄၃ မိနစ်မှာတော့ မာဒူကီက ဒုတိယဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးကပဲ ပွဲကိုစိုးမိုးခဲ့ပြီး နောက်ထပ်သွင်းဂိုး ၂ ဂိုးကို တိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆန်က ထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီဂျာဂါးဒင်းအတွက် နှစ်သိမ့်ချေပဂိုး ၁ ဂိုးကိုတော့ မူလူဂီတာက ၆၈ မိနစ်မှာသွင်းယူပေးခဲ့တာဖြစ်ပြီး အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးပွဲကြုံခဲ့ရပါတယ်။
ဆီမီးဖိုင်နယ်ဒုတိယအကျော့ကို လာမယ့်အပတ်မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပေမယ့် လက်ရှိရလဒ်နဲ့ ခြေစွမ်းအရတော့ ချဲလ်ဆီးအနေနဲ့ ဒီဂျာဂါးဒင်းကို ယခုအဆင့်မှာပဲ ဖြုတ်ချနိုင်ခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ချဲလ်ဆီးပွဲနဲ့အပြိုင် တစ်ချိန်တည်းမှာကစားခဲ့တဲ့ ရီးရဲလ်ဘက်တစ်နဲ့ ဖီအိုရင်တီးနားတို့ပွဲမှာတော့ ဘက်တစ် ၂-၁ နဲ့အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲသို့ ခြေတစ်ဖက်လှမ်းခဲ့ပါတယ်။ ပွဲအစ ၆ မိနစ်မှာပဲ ဘက်တစ်က ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး အက်ဇယ်ဇူလီက စတင်သွင်းယူပေးခဲ့ကာ ပထမပိုင်းအတွင်း ဦးဆောင်နိုင်ခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဖီအိုရင်တီးနားအနေနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီးကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ၆၄ မိနစ်မှာ ဒုတိယဦးဆောင်ဂိုးထပ်မံခွင့်ပြုခဲ့ရပြီး ပြန်လာနိုင်ဖို့ခက်ခဲခဲ့ပါတယ်။ ဘက်တစ်အတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကိုတော့ တောက်လျှောက်ခြေစွမ်းပြသနေတဲ့ တောင်ပံကစားသမား အန်တိုနီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဦးဆောင်ဂိုး ၂ ဂိုးအထိခွင့်ပြုလိုက်ရပြီးနောက်မှာ ဖီအိုရင်တီးနားက ချေပဂိုးတွေအတွက် တိုက်စစ်ဆင်မှုတွေပြန်လည်ပြုလုပ်လာခဲ့ပြီး ၇၃ မိနစ်မှာ ရာနီရာရီက ချေပဂိုး ၁ ဂိုးစတင်သွင်းယူပေးခဲ့ပါတယ်။ သို့သော်လည်း ၂-၁ နဲ့သာပွဲပြီးဆုံးခဲ့လို့ ဒုတိယအကျော့မှာ ဖီအိုရင်တီးနားတို့ ရုန်းကန်သွားရမှာဖြစ်ပေမယ့် ဘက်တစ်ကတော့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဥရောပဖလားဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ဖို့ အလားအလာများလာခဲ့ပါတယ်။