
ကလပ်ကမ္ဘာ့ဖလားအောင်ပွဲအပြီး အကျဉ်းချုံးထားတဲ့ရာသီကြိုကာလအစီအမံတွေကို ထုတ်ပြန်လာတဲ့ ချဲလ်ဆီး
ကလပ်ကမ္ဘာ့ဖလားအောင်ပွဲရရှိပြီးနောက် ချဲလ်ဆီးအသင်းက အကျဉ်းချုံးထားတဲ့ရာသီကြိုကာလတစ်ခုအတွက် ခရီးဝေးထွက်ခွာဖို့မရှိဘူးလို့ အတည်ပြုကြေညာခဲ့ပါတယ်။ လွန်ခဲ့တဲ့ရှစ်ရက်တုန်းကပြီးစီးသွားတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအလွန် ချဲလ်ဆီးက VisitMalta Weekender ချစ်ကြည်ရေးပြိုင်ပွဲရဲ့တစိတ်တပိုင်းအဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်း သြဂုတ် ၈ ရက်နဲ့ ၁၀ ရက်တို့မှာ လေဗာကူဆင်၊ အေစီမီလန်တို့နဲ့ ယှဉ်ပြိုင်ကစားသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် အပြာရောင်တပ်ဖွဲ့အတွက် ဒီနှစ်ရာသီကြိုခရီးစဉ်ထွက်ခွာမှု မရှိတော့ပါဘူး။
“ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်နှက်နေတဲ့ ကျွန်တော်တို့ရဲ့ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲခရီးစဉ်ကို ဇွန်၊ ဇူလိုင်ကာလတွေအတွင်း အမေရိကန်မြေမှာ ဖြတ်သန်းလာခဲ့ပြီးနောက် ဒီနှစ်ရာသီကြိုကာလအတွက် ခရီးဝေးထွက်ခွာဖို့အစီအစဉ် မရှိတော့ပါဘူး။ ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းအတွင်း လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်မှာဖြစ်သလို ၂၀၂၅ VisitMalta Weekender ချစ်ကြည်ရေးပြိုင်ပွဲကိုလည်း စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ဧည့်ခံကျင်းပသွားပါမယ်”လို့ ချဲလ်ဆီးအသင်းဝက်ဘ်ဆိုဒ်မှတဆင့် ထုတ်ပြန်လာတဲ့ကြေညာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
အမေရိကန်မှာကျင်းပခဲ့တဲ့ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ရှည်လျားလှတဲ့ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရတဲ့ ချဲလ်ဆီးကစားသမားတွေအတွက် ပွဲပန်းမှုအန္တရာယ်နဲ့ရင်ဆိုင်ရနိုင်ခြေလည်း ရှိကောင်းရှိလာနိုင်ပါတယ်။ ဒါ့အပြင် လာမယ့်ဘောလုံးရာသီ၊ ချန်ပီယံလိဂ်အပါအဝင် ပြိုင်ပွဲပေါင်းစုံမှာ ဝင်ရောက်ယှဉ်ပြိုင်လိုရင် ချဲလ်ဆီးကစားသမားတွေအတွက် အနားယူချိန်ပမာဏလုံလုံလောက်လောက်ရရှိဖို့ အရေးကြီးနေပြန်ပါတယ်။
အခြားသောပရီးမီးယားလိဂ်ကလပ်အသင်းတွေက ရာသီကြိုကာလကို ဖြတ်သန်းခဲ့ပြီးဖြစ်ပေမယ့် ချဲလ်ဆီးကတော့ အခုအချိန်မှသာ စတင်သွားရပါလိမ့်မယ်။ ဒီသွေးပူလေ့ကျင့်ခန်းတွေပြီးဆုံးရင်တော့ အန်ဇိုမာရက်စ်ကာရဲ့အသင်းက လန်ဒန်အိမ်နီးချင်းလည်းဖြစ်၊ အက်ဖ်အေဖလားလက်ရှိချန်ပီယံလည်းဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ သြဂုတ် ၁၇ ရက်၊ အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရပါမယ်။