
ဒုတိယအကျော့မှာ ပီအက်စ်ဂျီကို အနိုင်ကစားမယ်လို့ဆိုလာတဲ့ ရာယာ
ဗုဒ္ဓဟူးနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီကို ၀-၁ နဲ့အရေးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာက ဒုတိယအကျော့ ပြင်သစ်မြေမှာတော့ အနိုင်ကစားသွားမှာဖြစ်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲအစ ၄ မိနစ်မှာပဲ ဒမ်ဘီလီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ ချေပဂိုးအတွက် အခွင့်အရေးတွေနဲ့ ဂိုးပေါက်ကန်သွင်းချက်တွေရရှိခဲ့ပေမယ့် ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာကို ကျော်လွန်နိုင်ခဲ့ခြင်းမရှိပါဘူး။ တစ်ချိန်တည်းမှာပဲ ရာယာအနေနဲ့လည်း ဒီဆီရာဒူရေး၊ ခဗာရက်စ်ခီလီယာနဲ့ မာကွင်ဟိုစ်တို့ရဲ့ကန်ချက်တွေကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။
အိမ်ကွင်းမှာရှုံးနိမ့်ခဲ့ပေမယ့် ရာယာက ဒုတိယအကျော့ အဝေးကွင်းမှာ နိုင်ပွဲပြန်ရဖို့အတွက် အာရုံစိုက်သွားပြီး အပြုသဘောဆောင်တဲ့အချက်တွေကို ဆက်လက်သယ်ဆောင်သွားရမယ်လို့ ပြောကြားလာခဲ့ပါတယ်။ ရာယာက "သူတို့က ပွဲအစမှာပဲ လျင်လျင်မြန်မြန်တိုက်စစ်ဆင်ခဲ့ပြီး ဂိုးရခဲ့ပါတယ်။ ပွဲအစ မိနစ် ၂၀ လောက်မှာ သူတို့က ကျွန်တော်တို့ကို လွှမ်းမိုးခဲ့တယ်လို့ထင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ပွဲချိန်အများစုမှာတော့ ကျွန်တော်တို့ကပဲ လွှမ်းမိုးခဲ့တာပါ"
"အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် ဒွန်နာရမ်မာက အတော်ကောင်းတဲ့ ကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲက အပြုသဘောဆောင်တဲ့အချက်တွေကိုယူဆောင်ပြီး နောက်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရပါမယ်။ ကျွန်တော်တို့အသင်းက ထိပ်တန်းအသင်းဆိုတာ မေ့ထားလို့မရပါဘူး။ ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုအရ ဒီပွဲမှာ ကျွန်တော်တို့ နိုင်သွားနိုင်တဲ့အခြေအနေအထိရှိခဲ့ပါတယ်"
"ဘောလုံးမှာက ဒီလိုပါပဲ။ ကျွန်တော်တို့မှာ ဂိုးရဖို့အခွင့်အရေးတွေအများကြီးရှိခဲ့ပေမယ့် ဂိုးပေါက်ထဲရောက်တဲ့အထိတော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ အဝေးကွင်းမှာလည်း နိုင်ပွဲရနိုင်တယ်ဆိုတာ ဒီရာသီမှာ သက်သေပြထားခဲ့ပြီးပါပြီ။ လာမယ့် ဒုတိယအကျော့မှာ ကျွန်တော်တို့ အနိုင်ကစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဒုတိယအကျော့ပွဲစဉ်မှာ ကစားပုံပြောင်းလဲသွားမှာလားဆိုတဲ့ မေးခွန်းကို စပိန်ဂိုးသမားက "ကျွန်တော်တို့ အခုပုံစံအတိုင်းပဲ ပွဲကိုချဉ်းကပ်သွားပါမယ်။ ဒီပွဲမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ တူညီတဲ့ပုံစံနဲ့ပဲချဉ်းကပ်သွားမှာဖြစ်ပြီး ကျွန်တော်တို့က အသင်းတိုင်းကို အနိုင်ယူနိုင်ပါတယ်။ လာမယ့်အပတ် ပဲရစ်ကိုသွားပြီး နိုင်ပွဲယူသွားပါမယ်" လို့ဖြေကြားခဲ့ပါတယ်။