
မန်စီးတီးက ထွက်ခွာတော့မယ့်အပေါ် အသင်းဖော်တွေ ဝမ်းနည်းနေကြကြောင်း ဒီဘရိုင်း ထုတ်ဖော်ပြောကြား
မန်စီးတီးကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းဟာ ဒီရာသီကုန်မှာ အသင်းက ထွက်ခွာတော့မယ့်အပေါ် အသင်းဖော်တွေက ဝမ်းနည်းကြကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ယနေ့နံနက် ဝုဗ်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူပြီးနောက် အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
အီတီဟတ်ကွင်းမှာ ဒီဘရိုင်းရဲ့ သွင်းဂိုးကြောင့် မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ လမ်းကြောင်းမှန်ပေါ်ရောက်ရှိနေပါတယ်။ အိမ်ကွင်းပွဲစဉ်တစ်ပွဲသာ ကစားဖို့ ကျန်ရှိတော့တဲ့ ဘယ်လ်ဂျီယံကစားသမားအတွက် ဝုဗ်နဲ့ပွဲက အနိုင်ဂိုးဟာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာ ဒီဘရိုင်းက "ကျွန်တော့်မှာ အိမ်ကွင်းပွဲစဉ်တစ်ပွဲပဲ ကျန်တော့တာသိပေမယ့် ကျွန်တော်လုပ်ရမယ့်အလုပ်ကို လုပ်ဖို့ပဲကြိုးစားနေပါတယ်၊ ဒီနေ့လည်း အဲဒီလိုပဲလုပ်ခဲ့ပါတယ်။ အသင်းဖော်တော်တော်များများကလည်း ကျွန်တော်ထွက်သွားရမှာကို ဝမ်းနည်းကြကြောင်း ပြောကြပါတယ်၊ ဒါပေမဲ့ တချို့အချိန်တွေမှာတော့ ဒါက ဘဝရဲ့ လမ်းကြောင်းတစ်ခုပါပဲ" လို့ ဆိုပါတယ်။
ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟာ မန်စီးတီးအသင်းအတွက် အမြင့်ဆုံးအဆင့်မှာ ကစားနိုင်စွမ်းရှိနေဆဲဖြစ်တယ်လို့ ယုံကြည်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဒီဘရိုင်းက"အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ မသိပေမယ့် ကျွန်တော် ဒီမှာဆက်ကစားနိုင်သေးတယ်ဆိုတာ သိပါတယ်။ ကျွန်တော်ကစားရတာကို ပျော်ရွှင်နေဆဲဖြစ်ပြီး ကျွန်တော်တို့မှာ လုပ်ရမယ့်အလုပ်တွေ ကျန်ရှိနေပါသေးတယ်။ ဒီနေ့က ခက်ခဲတဲ့ပွဲစဉ်ဖြစ်ပေမယ့် အနိုင်ရဖို့နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အခုတော့ နည်းနည်းအနားယူပြီး ကျန်တဲ့အသင်းတွေ ဒီရက်သတ္တပတ်မှာ ဘာတွေလုပ်မလဲဆိုတာကို စောင့်ကြည့်နိုင်ပါပြီ။
ဒီနှစ်က ခက်ခဲတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ တည်ငြိမ်မှုရလာပါပြီ။ ကျွန်တော်တို့ လိုအပ်တဲ့ပွဲတွေကို အနိုင်ရရှိနေတာကြောင့် ဒီရာသီကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်နိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်းနားရဲ့ မန်ချက်စတာစီးတီးအသင်းအတွက် အိမ်ကွင်း နောက်ဆုံးပွဲစဉ်အဖြစ် မေလ ၂၀ ရက်နေ့ ဘုန်းမောက်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။