The network connection is lost.

Banner Image

တူရကီကို ၆ ဂိုးပြတ်အနိုင်ရပြီးနောက် စပိန်အသင်းသားတွေကို ဖွန်တေချီးကျူး

စပိန်လက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖွန်တေက တူရကီကို ၀-၆ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အသင်းရဲ့ကစားသမားတွေဟာ အပြစ်အနာအဆာမရှိဘဲ ပြီးပြည့်စုံတဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ကြတယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ အာဆင်နယ်ကြယ်ပွင့် မီခေးလ်မီရီနိုဟာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ၁၅ နှစ်အတွင်း စပိန်အသင်းအတွက် ဒုတိယမြောက် ဟက်ထရစ်သွင်းယူနိုင်တဲ့ ကွင်းလယ်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။  ၁၅ နှစ်အတွင်း စပိန်အတွက် ပထမဆုံးဟက်ထရစ်ကိုသွင်းယူပေးခဲ့တဲ့ကွင်းလယ်လူကတော့ အစ္စကိုဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ ၂၀၁၈ က အာဂျင်တီးနားနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ တိုက်စစ်မှူး အိုယာဇာဘယ်လ်ကလည်း စပိန်အတွက် ဂိုးဖန်တီးမှု ၃ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး ဘာစီလိုနာကွင်းလယ်လူ ပီဒရီကလည်း ၂ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ၆ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ယခုပွဲစဉ်ဟာ စပိန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲသမိုင်းတစ်လျှောက် အဝေးကွင်း ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ စပိန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ၂ ပွဲသာကစားရသေးပေမယ့် တိုက်စစ်ကတော့ ၉ ဂိုးအထိသွင်းယူထားနိုင်ပြီး သွင်းဂိုးခွင့်ပြုထားရခြင်းမရှိတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေးပန်းအစားဆုံးဖြစ်နေပါတယ်။

ပွဲအပြီးမှာ ဖွန်တေက "ဒီနေ့ပွဲမှာ ကျွန်တော်တို့ကစားသမားတွေအားလုံး ပြီးပြည့်စုံတဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ကြပါတယ်။ ဒီထက်ပိုပြီး ပြောစရာမရှိတော့ပါဘူး။ ဘူလ်ဂေးရီးယားနဲ့ပွဲမှာလုပ်ခဲ့တဲ့အမှားတွေကို ဒီနေ့မှာ ရှောင်ရှားနိုင်ခဲ့ပါတယ်။ အနာဂတ်မှာ အသင်းအနေနဲ့ ဒီထက်ပိုကောင်းလာဖို့လည်း အာရုံစိုက်သွားဦးမှာပါ" လို့ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ စပိန်အသင်းရဲ့ပါရမီရှင်ကစားသမားလေး လာမိုင်းယာမယ်လ်ကလည်း ဒီပွဲမှာ သွင်းဂိုးမရရှိခဲ့ပေမယ့် ဂိုးဖန်တီးမှု ၂ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာကြောင့် အားရစရာစွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ ယခုနှစ်ဘောလွန်းဒီအော်ဆုဆန်ခါတင်စာရင်းထဲမှာ စပိန်အသင်းမှ ယာမယ်လ်နဲ့ ဖာဘီယန်ရုဇ်တို့ ပါဝင်နေခြင်းနဲ့ပတ်သက်ပြီးတော့လည်း ဖွန်တေက သူ့ရဲ့အမြင်ကိုပြောကြားလာခဲ့ပါတယ်။

စပိန်နည်းပြက "အင်နီယေစတာ၊ ဇာဗီ၊ အလွန်ဆိုနဲ့ ရာအူးလ်တို့ကလည်း အရင်တုန်းက ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ကြတာပါပဲ။ ကျွန်တော့်အမြင်မှာ သူတို့အားလုံး ဒီဆုနဲ့ထိုက်တန်ပါတယ်။ ဒါကြောင့် ဘယ်အချိန်မဆို အသင်းရဲ့ကစားသမားတွေ ဒီဆန်ခါတင်စာရင်းထဲမှာပါနေရင် ကျွန်တော်ဝမ်းသာပါတယ်။ ဒါပေမယ့် ကစားသမားအချင်းချင်းဒီဆုအတွက် ပြိုင်ဆိုင်နေစရာမလိုပါဘူး"

"ကျွန်တော်တို့အသင်းရဲ့နေရာစုံမှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေရှိနေပါတယ်။ ဒီဆုကို ဘယ်သူရမလဲတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် အသင်းရဲ့ကစားသမားတွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးပါပဲ" လို့ပြောကြားခဲ့ပါတယ်။ ဖွန်တေဟာ လူးဝစ်အင်းနရစ်နောက်ပိုင်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ပြီး စပိန်အသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး စပိန်အသင်းဟာ ဖွန်တေရဲ့လက်အောက် ၃၅ ပွဲကစားပြီးချိန်မှာ ၂၆ ပွဲအထိနိုင်ရထားပါတယ်။