The network connection is lost.

Banner Image

ဒတ်ချ်စံချိန်ချိုးဖျက်နိုင်လို့ ဂုဏ်ယူဝမ်းမြောက်နေတဲ့ တိုက်စစ်မှူးဒီပေး

ယမန်နေ့(တနင်္ဂနွေနေ့)မှာ နယ်သာလန်လက်ရွေးစင်အသင်းအတွက် သွင်းဂိုးအများဆုံးကစားသမားစံချိန်ကို တစ်ဦးတည်းလွတ်လွတ်ကျွတ်ကျွတ်ပိုင်ဆိုင်နိုင်ခဲ့လို့ အလွန်ဂုဏ်ယူမိပြီး အသင်းအတွက် တက်စွမ်းနိုင်သမျှ ပေးဆပ်သွားဖို့လည်း စိတ်ပိုင်းဖြတ်ထားတယ်လို့ တိုက်စစ်မှူးဒီပေးက ပြောဆိုခဲ့ပါတယ်။

ဒီပေးက လစ်သူရေးနီးယားနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အထူးခြေစွမ်းပြကာ သွင်းဂိုးနှစ်ဂိုးရယူခဲ့ပါတယ်။ သူ့ရဲ့သွင်းဂိုးတွေကြောင့် ဒတ်ချ်တွေက ပြိုင်ဘက်ကို ၃-၂ ဂိုးဖြင့်အနိုင်ယူကာ ကမ္ဘာ့ဖလားခြေစစ်ပွဲလေးပွဲကစားပြီးချိန် ရမှတ် ၁၀ အထိ စုဆောင်းနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်လအတွင်း မော်လ်တာနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူနိုင်ပြီးနောက် ဒီပေးက ရော်ဘင်ဗန်ပါစီရဲ့ ဂိုး ၅၀ စံချိန်ကို အမီလိုက်နိုင်ခဲ့ပေမဲ့ ရော့တာဒမ်မှာ ပိုလန်နဲ့တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာတော့ စံချိန်သစ်စိုက်ထူနိုင်မယ့်အခွင့်အရေးကို အသုံးချနိုင်ခြင်း မရှိခဲ့ပါဘူး။

တနင်္ဂနွေမှာတော့ ဒီပေးက ပွဲချိန် ၁၁ မိနစ်မှာတင် တစ်ကိုယ်တော်စံချိန်သစ်ကို စိုက်ထူနိုင်ခဲ့သလို ဒတ်ချ်တွေအတွက် အဖိုးတန်အနိုင်ဂိုးကိုလည်း ဒုတိယပိုင်းပွဲချိန်အတွင်း အားပါပြင်းထန်တဲ့ခေါင်းတိုက်ချက်ဖြင့် သွင်းယူပေးခဲ့ပါတယ်။ ဒတ်ချ်ရုပ်သံလွှင့်သတင်းဌာနဖြစ်တဲ့ NOS နဲ့တွေ့ဆုံချိန် ဒီပေးက “ ရော်ဘင်ဗန်ပါစီကို ကျော်ဖြတ်နိုင်ခဲ့လို့ အရမ်းဂုဏ်ယူမိသလို အရမ်းဝမ်းသာမိပါတယ်။ အဝတ်လဲခန်းထဲမှာလည်း အားလုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် ဥပမာအားဖြင့် ဟန်တဲလားနဲ့ အာဂျန်ရော်ဘင်တို့လို အသင်းဖော်ဟောင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့က ကျွန်တော့်အတွက် စိတ်ခွန်အားပေးစွမ်းပါတယ်။ ပက်ထရစ်ကလွိုက်ဗက်လည်း အတူတူပါပဲ။ သူ့ကြောင့်ပဲ ကျွန်တော်က ဒတ်ချ်လက်ရွေးစင်အသင်းဆီ ရောက်ရှိချင်ခဲ့တာပါ”လို့ ပြောပါတယ်။

လက်ရှိမှာ ဘရာဇီးကလပ်အသင်းကိုရင်သီယန်စ်အတွက် ကစားပေးနေတဲ့ ဒီပေးက သူ့ရဲ့ခြေစွမ်းပိုင်းတည်ငြိမ်မှုအပေါ် စိုးရိမ်ခဲ့သူတွေကိုလည်း ဝေဖန်သွားခဲ့ပါတယ်။ သူက “ လူတွေက မကြာခဏဆိုသလို ကျွန်တော်တို့အသင်းရဲ့တိုက်စစ်ပိုင်းအပေါ် ဝေဖန်ပြောဆိုလေ့ ရှိပါတယ်။ ဒါပေမဲ့ အမှန်တကယ်တော့ ကျွန်တော်တို့မှာ ဂိုးတွေအများကြီးသွင်းယူနိုင်တဲ့ ကျွန်တော့်လို တိုက်စစ်မှူးတစ်ဦး ရှိနေပါပြီ။ ကျွန်တော်ကတော့ ငါ့ခြေစွမ်းတွေ မကျသေးဘူးလို့ အမြဲတမ်းပြောပါတယ်”လို့ ဆိုပါတယ်။