
ဖာဂူဆန်နဲ့စကားပြောခဲ့ဖူးပေမယ့် တစ်လုံးမှနားမလည်ခဲ့ကြောင်း ဖွင့်ဟလာတဲ့ လီဝန်ဒေါစကီး
ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးက ယခင်က ဒေါ့မွန်အတွက် ကစားပေးနေချိန်မှာ မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ချိတ်ဆက်မှုကို ရရှိခဲ့ဖူးပြီး အပြောင်းအရွှေ့အတွက် စကားပြောဖြစ်ခဲ့ပေမယ့် ဖာဂူဆန်ရဲ့လေယူလေသိမ်းကြောင့် ဘာမှနားမလည်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ဒေါ့မွန်နဲ့လမ်းခွဲပြီးနောက်ပိုင်း ယူနိုက်တက်သို့ရောက်ရှိတော့မယ်လို့ ကောလာဟလတွေထွက်ပေါ်ခဲ့သေးပေမယ့် ဘိုင်ယန်မြူးနစ်သို့သာပြောင်းရွှေ့သွားခဲ့ပြီး နောက်ပိုင်းမှာတော့ ဘာစီလိုနာသို့ ရောက်ရှိသွားတာဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ အင်္ဂလိဂ်ပရီးမီးယားလိဂ်သို့ရောက်ရှိဖို့ ၂ ကြိမ်တိုင်တိုင်နီးစပ်ခဲ့ဖူးပြီး ၂၀၁၀ ခုနှစ်မှာ ဆမ်အလာဒွိုက်စ်ကိုင်တွယ်နေတဲ့ ဘလက်ဘန်းရဲ့ချိတ်ဆက်မှုကို ခံခဲ့ရသလို၊ ယူနိုက်တက်ဂန္ထဝင်နည်းပြ ဖာဂူဆန်နဲ့လည်း အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ထိုစဉ်က ယူနိုက်တက်ဟာ အာဆင်နယ်ကြယ်ပွင့် ရော်ဘင်ဗန်ပါစီကို မခေါ်ယူမီ လီဝန်ဒေါစကီးကို အရင်ဆုံးချိတ်ဆက်ခဲ့တာဖြစ်ပေမယ့် ဒေါ့မွန်ဘက်က ကမ်းလှမ်းမှု ကိုပယ်ချခဲ့တာကြောင့် ဗန်ပါစီကိုသာ ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ယခုအခါမှာ လီဝန်ဒေါစကီးက သူဟာ ဖာဂူဆန်နဲ့ ဖုန်းပြောခဲ့ဖူးကြောင်းနဲ့ ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့်သဘောတူညီခဲ့ဖူးကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ပိုလန်သားက "ကျွန်တော်မှတ်မိပါသေးတယ်။ အဲဒီတုန်းက ကျွန်တော်က ဒေါ့မွန်နဲ့အတူ ရာသီကြိုခြေစမ်းပွဲကစားနေတာပါ။ ပထမပိုင်းအပြီးမှာ ကျွန်တော်ဖာဂူဆန်ကို ဖုန်းပြန်ခေါ်လိုက်ပါတယ်။ သူကတော့ ကျွန်တော့်ကို စကားတွေတောက်လျှောက်ပြောနေပေမယ့် ကျွန်တော်ကတော့ သူ့ရဲ့လေယူလေသိမ်းကို လုံးဝ နားမလည်ပါဘူး။ နားလည်နိုင်ဖို့ တော်တော်လေး အားစိုက်လိုက်ရပါတယ်။ ကျွန်တော့်အနေနဲ့ "ဟုတ်တာပေါ့" "မှန်တာပေါ့" ဆိုတာတွေချည်းပြောပြီး သူပြောတာကို နားလည်သလိုဟန်ဆောင်ခဲ့ရပါတယ်။ တကယ်တော့ ကျွန်တော်သူပြောတာတွေ တစ်လုံးမှနားမလည်လိုက်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး လီဝန်ဒေါစကီးက သူ့အနေနဲ့ ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ သဘောတူပြီးကာမှ ဘာကြောင့် ဒေါ့မွန်မှာပဲ ဆက်လက်ကျန်ရှိနေခဲ့သလဲဆိုတဲ့မေးခွန်းကို "ကျွန်တော် ယူနိုက်တက်ကိုပြောင်းဖို့ သဘောတူညီခဲ့သလို၊ နီးလည်းနီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ့မွန်ဥက္ကဌက ကျွန်တော့်ကိုမရောင်းနိုင်ဘူးလို့ပြောခဲ့ပါတယ်။ အချိန်ကောင်းမဟုတ်ခဲ့တာလည်းပါမှာပေါ့" လို့ပြောကြားခဲ့ပါတယ်။
အသက်-၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီဝန်ဒေါစကီးနဲ့ ယူနိုက်တက်သို့ပြောင်းရွှေ့ခွင့်မရခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့လို ဥရောပထိပ်သီးကလပ်တွေမှာ ဆက်လက်နေထိုင်ခဲ့ပြီး လက်ရှိဘောလုံးမျိုးဆက်ရဲ့ အကောင်းဆုံးသော နံပါတ် ၉ တိုက်စစ်မှူးတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရပါတယ်။
လာမယ့်သောကြာနေ့မှာတော့ ဘာစီလိုနာဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဖွင့်ပွဲမှာ နိုင်ပွဲရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။