
အာဆင်နယ်၊ ဘာစီလိုနာတို့နဲ့ ချိတ်ဆက်ထားတဲ့ အယ်လ်ဗာရက်ဇ်ရဲ့အပြောင်းအရွှေ့အပေါ် ဝန်ခံချက်တစ်ခု ထုတ်ပြန်လာတဲ့ ဆီမြွန်နီ
ကြယ်ပွင့်တိုက်စစ်မှူးအယ်လ်ဗာရက်ဇ်အပေါ် အာဆင်နယ်၊ ဘာစီလိုနာတို့ရဲ့ စိတ်ဝင်စားမှုတွေက အက်သလက်တီကိုမက်ဒရစ်နည်းပြဆီမြွန်နီအတွက် အံ့သြစရာတစ်ခု မဖြစ်လာခဲ့ပါဘူး။ အသက်-၂၅ နှစ်အရွယ်ကစားသမားက ယမန်နှစ်၊ နွေရာသီမှာ မန်စီးတီးမှ အက်သလက်တီကိုဆီ ပေါင် ၈၂ သန်း (ဒေါ်လာ ၁၁၁ သန်း)တန် ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ပြီး ထိုက်တန်ကောင်းမွန်လှတဲ့ ကစားသမားသစ်ခေါ်ယူမှုဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ အခုအချိန်မှာလည်း အာဂျင်တီးနားသားဆီ အာဆင်နယ်၊ ဘာစီလိုနာတို့ရဲ့စိတ်ဝင်စားမှုတွေ ရောက်ရှိလာနေပြီး နည်းပြဆီမြွန်နီကတော့ တိုက်စစ်မှူးကို ခေါ်ယူချင်တဲ့ကလပ်အသင်းတွေ ဝိုင်းဝိုင်းလည်နေတာ ယုတ္တိရှိပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
အယ်လ်ဗာရက်ဇ်ရဲ့အပြောင်းအရွှေ့အလားအလာနဲ့ပတ်သက်လို့ ဆီမြွန်နီက “ ဒါက ကြောင်းကျိုးဆီလျော်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အခြားဇာတ်လမ်းဇာတ်ကွက်ကို စဉ်းစားကြည့်လို့ မရပါဘူး။ အယ်လ်ဗာရက်ဇ်က အသက်-၂၅ နှစ်အရွယ်၊ သာမန်ထက်ထူးခြားတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူ့ဆီမှာ စိတ်အားထက်သန်မှု၊ ဆာလောင်မှု၊ နှိမ့်ချမှုနဲ့အတူ အလုပ်အတွက် ရည်မှန်းချက်တွေ အပြည့်အဝရှိပါတယ်။ သူ့ကို မလိုချင်တဲ့ကလပ်အသင်း ဘယ်မှာရှိသလဲ? ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ အာဆင်နယ်၊ လီဗာပူး….. အစရှိတဲ့ အကောင်းဆုံးကလပ်အသင်းတွေက သူ့ကို ခေါ်ယူချင်ကြပါတယ်။ ဒါဆို ကျွန်တော်တို့အတွက်ရော၊ အက်သလက်တီကိုမက်ဒရစ်ပရိသတ်တွေအတွက်ရော ဒါက ဂုဏ်ယူစရာဖြစ်နေသလား? ဘာကြောင့်လဲ? ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော်တို့ရဲ့ကစားသမား ဖြစ်နေလို့ပါပဲ။ သူက ကျွန်တော်တို့ရဲ့ကစားသမားဆိုတော့ ကျွန်တော်တို့ သူ့ကို ဂရုစိုက်ပေးရပါမယ်။ သူ့ကို ပျော်ရွှင်အောင် ကူညီပေးရပါမယ်။ အနိုင်ရရှိခြင်းဖြင့်သာ သူ့ရဲ့စိတ်ကို ပျော်ရွှင်စေနိုင်ပါလိမ့်မယ်။ ဒီပစ်မှတ်အထိ ရောက်ရှိဖို့ ကျွန်တော်တို့အားလုံး ရာနှုန်းပြည့်ထက်ကျော်လွန်ပြီး ပေးဆပ်သွားရပါမယ်။ ဒါက သူ့အတွက်သာမက အားလုံးအတွက်လည်း အကျိုးရှိပါတယ်” လို့ La Nacion သတင်းဌာနဆီ ပြောခဲ့ပါတယ်။
အယ်လ်ဗာရက်ဇ်က အခုဘောလုံးရာသီမှာ ၂၉ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ငါးကြိမ်ပြုလုပ်ပြီး သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့စွမ်းဆောင်ရည်မျိုးကို ပြသခဲ့ပါတယ်။ အာဆင်နယ်ဂန္တဝင်အွန်နရီကလည်း မန်စီးတီးကြယ်ပွင့်ဟောင်းကို အာတီတာအတွက် စံပြအပြောင်းအရွှေ့တစ်ခု ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပြီး ဘာစီလိုနာကလည်း လီဝန်ဒေါစကီးနေရာအတွက် ရေရှည်ဆက်ခံနိုင်သူတစ်ဦးကို ရှာဖွေနေပါတယ်။ ဒါပေမယ့် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူမယ်ဆိုရင် ဈေးသက်သက်သာသာနဲ့တော့ ရရှိနိုင်မှာ မဟုတ်ပါဘူး။
စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၅၀၀ (ပေါင်သန်း ၄၂၀/ဒေါ်လာသန်း ၅၇၀)ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ အာဂျင်တီးနားလက်ရွေးစင်အယ်လ်ဗာရက်ဇ်က အခုသီတင်းပတ်ကုန်မှာ စတင်တော့မယ့် အမေရိကန်မြေ၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့အတူ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။