The network connection is lost.

Banner Image

ပရိသတ်ဆန့်ကျင်မှုတွေရှိနေပေမယ့် ဟန်ဒါဆန်ကို အင်္ဂလန်လူစာရင်းကနေ ထုတ်ပယ်မှာမဟုတ်တဲ့ တူချယ်လ်

အင်္ဂလန်လက်ရွေးစင်နည်းပြ သောမတ်စ်တူချယ်လ်က အသင်းရဲ့ကွင်းလယ်လူ ဂျော်ဒန်ဟန်ဒါဆင်နဲ့ပတ်သက်ပြီး ပရိသတ်ဆန့်ကျင်မှုတွေရှိနေပေမယ့် လူစာရင်းကနေထုတ်ပယ်မှာမဟုတ်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ မတ်လက အယ်လ်ဘေးနီးယား၊ လတ်ဗီးယားတို့နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်တွေအတွက် အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရသလို၊ ယခုလအတွင်း အန်ဒိုရာနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာလည်း ပွဲထွက်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ လီဗာပူးကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ ယခုအခါမှာ အသက်-၃၅ နှစ်ပြည့်ဖို့ နီးကပ်နေပြီဖြစ်ပေမယ့် တူချယ်လ်ကတော့ ကစားသမားဟာ အသင်းအတွက်အလွန်အရေးပါကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

TalkSport နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ တူချယ်လ်က "ကျွန်တော်တို့ ဟန်ဒါဆန်နဲ့လူချင်းတွေ့ဆုံခဲ့ပြီး သူ့ကို ပြန်ခေါ်ဖို့အတွက် အခိုင်အမာဆုံးဖြတ်ခဲ့ကြပါတယ်။ သူက အသင်းအတွက် အလွန်အရေးပါတဲ့ကစားသမားတစ်ယောက်ဆိုတာ ကျွန်တော်ယုံကြည်ခဲ့ပါတယ်။ သူ့ရဲ့တန်ဖိုးကို အသင်းမှာ အမိအရအသုံးချနိုင်ဖို့ ကြိုးစားနေပါတယ်။ သူ့ကို အသင်းနဲ့အတူ စခန်းသွင်းလေ့ကျင့်တဲ့အခါ ခြေစွမ်းအများကြီးတိုးတက်လာခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
 
ဒါ့အပြင်တူချယ်လ်က သူ့အနေနဲ့ ဟန်ဒါဆန်နဲ့ပတ်သက်တဲ့ ပရိသတ်ဆန့်ကျင်မှုတွေကို အာရုံမစိုက်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ၂၀၂၄ ယူရိုပြိုင်ပွဲမှာ နည်းပြဂါရတ်ဆောက်ဂိတ်ရဲ့ချန်လှပ်မှုကြောင့် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် ဟန်ဒါဆန်တစ်ယောက် လက်ရွေးစင်ကစားသမားဘဝ အဆုံးသတ်တော့မယ်လို့ ယူဆခဲ့ကြပေမယ့် ယခုအခါမှာတော့ တူချယ်လ်ရဲ့ရွေးချယ်မှုနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ အလားအလာရှိနေပါတယ်။ 

လက်ရှိအချိန်မှာတော့ ဟန်ဒါဆန်ရဲ့ ကလပ်ကစားသမားဘဝအနာဂတ်ဟာ မသေချာမရေရာဖြစ်နေပြီး ပရီးမီးယားလိဂ်သို့တန်းတက်လာတဲ့ ဆန်းဒါးလန်းနဲ့ချိတ်ဆက်တော့မယ်လို့ ကောလာဟလတွေထွက်ပေါ်နေပါတယ်။