The network connection is lost.

Banner Image

ဖလူမီးနိစ်ရဲ့အရည်အသွေးနဲ့ ခွန်အားကို သိရှိမျှော်လင့်ထားတဲ့ အန်ဇိုမာရက်စ်ကာ

အန်ဇိုမာရက်စ်ကာက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘရာဇီးကလပ်အသင်းတွေ ပြသခဲ့တဲ့ အရည်အသွေးနဲ့ ခွန်အားပိုင်းကို ရှင်းပြလာပြီး ဖလူမီးနိစ်နဲ့ရင်ဆိုင်ရမယ့် ဆီမီးဖိုင်နယ်မှာ သူ့ရဲ့ချဲလ်ဆီးအသင်း ကျော်ဖြတ်ရမယ့်အရာ ဖြစ်တယ်လို့ သိရှိထားပါတယ်။

အပြာရောင်တပ်ဖွဲ့က ဆီမီးဖိုင်နယ်ခရီးလမ်းတလျှောက် ဘရာဇီးကလပ်အသင်းနှစ်ခုနဲ့ ရင်ဆိုင်ခဲ့ပြီးပါပြီ။ သူတို့တွေက အုပ်စုအဆင့်မှာ ဖလာမင်ဂိုကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ကွာတားဖိုင်နယ်မှာတော့ ပါမီးရက်စ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အခုညပိုင်းဆီမီးဖိုင်နယ်ပွဲစဉ်က ချဲလ်ဆီးအတွက် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီရဲ့ ၆၃ ခုမြောက်ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။ အခြားတဖက်မှာတော့ ဖလူမီးနိစ်က သူတို့ရဲ့ပြည်တွင်းလိဂ်ဘောလုံးရာသီကို ၁၁ ပွဲသာ ကစားရပါသေးတယ်။ ဒါက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးကလပ်အသင်းတွေ လန်းဆန်းမှုအပြည့် ရှိနေသလဲဆိုတဲ့အချက်ကို ရှင်းပြပေးနိုင်တယ်လို့ မာရက်စ်ကာက ဆိုပါတယ်။

မာရက်စ်ကာက “ ကျွန်တော့်အတွက် ရှင်းရှင်းလင်းလင်းသိရှိထားတဲ့အချက် နှစ်ခု ရှိပါတယ်။ တစ်ခုကတော့ ဘရာဇီးကစားသမားတွေရဲ့ထိပ်တန်းအရည်အသွေး ဖြစ်ပါတယ်။ အကောင်းဆုံးအရည်အသွေးပါပဲ။ တချိန်တည်းမှာပဲ ရှင်းရှင်းလင်းလင်းသိသာနေတဲ့အချက်တစ်ခုက အခြားအသင်းတွေနဲ့နှိုင်းယှဉ်ရင် အခုလိုအခိုက်အတန့်မျိုးမှာ သူတို့အတွက်ရှိနေတဲ့ ခွန်အားပိုင်းပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့မှာတော့ ဒီလိုခွန်အားမျိုးတွေ မရှိပါဘူး။ ကျွန်တော့်အတွက်တော့ ဒါက  အသင်းတွေရဲ့အကောင်းဆုံးပုံစံထွက်ရှိလာစေမယ့် ကိစ္စရပ်တွေပါပဲ”လို့ ပြောပါတယ်။

ဒီနေရာမှာ ဖလူမီးနိစ်ကစားသမားတွေအနက် ချဲလ်ဆီးနဲ့မစိမ်းလှသူတစ်ဦးလည်း ရှိနေပါတယ်။ အသက်-၄၀ နှစ်အရွယ်၊ ဖလူမီးနိစ်အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားက စတမ်းဖို့ဘရစ်ချ်မှာ လေးနှစ်ကြာကစားခဲ့ဖူးပြီး ချန်ပီယံလိဂ်ဆုဖလားအပါအဝင် ဖလားသုံးလုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘရာဇီးသားက ချဲလ်ဆီးပရိသတ်တွေရဲ့အသည်းနှလုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ တစ်ဦးချင်းထက် စုပေါင်းအင်အားမျိုးဖြင့် ဖလူမီးနိစ်က ချဲလ်ဆီးကိုနာကျင်အောင်ပြုလုပ်လာနိုင်တဲ့ အချက်အပေါ်သာ မာရက်စ်ကာက အာရုံစိုက်ထားပါတယ်။

ချဲလ်ဆီးနည်းပြက “ ကျွန်တော်တို့ဟာ ကစားသမားတွေနဲ့ရင်ဆိုင်ဖို့အတွက် ပွဲစဉ်တွေကို ပြင်ဆင်တာမျိုးမဟုတ်ဘဲ အသင်းတွေနဲ့ရင်ဆိုင်ဖို့အတွက်သာ ပြင်ဆင်ထားလေ့ရှိပါတယ်။ အခုပွဲစဉ်မှာလည်း အလားတူပါပဲ။ ကျွန်တော်တို့တွေ သီယာဂိုဆေးလ်ဗားကို လေးစားမှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဖလူမီးနိစ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက်ပဲ ပြင်ဆင်နေပါတယ်။ သူတို့ဆီမှာ အတွေ့အကြုံရင့်ကစားသမားတွေ၊ အရည်အသွေးမြင့်ကစားသမားတွေ ရှိပါတယ်။ ဒါကြောင့် အမျိုးမျိုးသောကိစ္စရပ်တွေကို အာရုံစိုက်သတိပြုသွားဖို့ လိုအပ်ပါတယ်။

ဘယ်ပွဲစဉ်မှာမဆို သင်ယူသွားရမယ့်အရာတွေ ရှိပါတယ်။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ်၊ ဘယ်နည်းပြလက်အောက်ကပဲဖြစ်ဖြစ် အမြဲတမ်းသင်ယူနိုင်ပါတယ်။ ဒါက ကျွန်တော်တို့ရင်ဆိုင်သွားရမယ့် တတိယမြောက်ဘရာဇီးကလပ်အသင်းပါ။ အစောပိုင်းမှာရင်ဆိုင်ခဲ့ရတဲ့ ကလပ်အသင်းနှစ်ခုကလည်း ခွန်အားတွေ၊ စွမ်းအင်တွေအပြည့်နဲ့ အရမ်းကောင်းခဲ့ပါတယ်။ ဒါတွေ တပုံစံတည်းဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်တို့တော့ သံသယမရှိပါဘူး”လို့ ပြောပါတယ်။