အာဆီယံဖလားပြိုင်ပွဲပုံစံသစ်ကို အတည်ပြုကြေညာခဲ့တဲ့ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနို
မလေးရှားနိုင်ငံမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ထိပ်သီးအစည်းအဝေးကျင်းပနေချိန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုက အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေအတွက် ဘောလုံးပြိုင်ပွဲပုံစံသစ်တစ်ခုကို တနင်္ဂနွေနေ့မှာ မိတ်ဆက်ကြေညာခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေက ဒေသတွင်းပြိုင်ပွဲတစ်ခုဖြစ်တဲ့ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပနေပြီး ဇန်နဝါရီလအတွင်းပြုလုပ်ခဲ့တဲ့နောက်ဆုံးပြိုင်ပွဲမှာတော့ ဗီယက်နမ်က အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ အင်ဖန်တီနိုကတော့ ပြိုင်ပွဲပုံစံသစ်ကို ဖီဖာရဲ့နိုင်ငံတကာသီတင်းပတ်တွေမှာ ကျင်းပပြုလုပ်သွားရန်နဲ့ ကမ္ဘာတစ်ဝှမ်းရှိ လိဂ်ပြိုင်ပွဲတွေမှ ကစားသမားတွေကို သူတို့ရဲ့နိုင်ငံ့လက်ရွေးစင်အသင်းဆီ ပူးပေါင်းခွင့်ပေးရန် စီစဉ်ပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။
အင်ဖန်တီနိုက “ ဖီဖာအာဆီယံဖလားပြိုင်ပွဲအတွက် နိုင်ငံတွေကို စုစည်းနေပြီး ဒီပြိုင်ပွဲက အနာဂတ်မှာ အလွန်အောင်မြင်လာပါလိမ့်မယ်။ ဒီပြိုင်ပွဲက အာဆီယံဒေသတွင်း နိုင်ငံ့လက်ရွေးစင်အသင်းတွေရဲ့အဆင့်အတန်းကို မြှင့်တင်ပေးနိုင်သလို အရှေ့တောင်အာရှဒေသတစ်ခုလုံးမှာ ကျွန်တော်တို့ရဲ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အထောက်အကူပြုပေးနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။
အာဆီယံရဲ့ ၁၁ ဦးမြောက်အဖွဲ့ဝင်သစ်အဖြစ် အရှေ့တီမောနိုင်ငံ ပါဝင်လာပြီး နာရီပိုင်းအကြာမှာပဲ အင်ဖန်တီနိုက အခုအစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့တာပါ။ အင်ဖန်တီနိုက “ ဘောလုံးအသင်းတစ်ခုမှာ ကစားသမား ၁၁ ဦးပါဝင်လို့ ၁၁ ဆိုတဲ့ကိန်းဂဏန်းက ဘောလုံးလောကရဲ့သင်္ကေတတစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)၊ တတိယအဆင့်ဆီ အာဆီယံနိုင်ငံတွေအနက် အင်ဒိုနီးရှားတစ်ခုတည်းသာ တက်ရောက်နိုင်ခဲ့ပါတယ်။ အာဆီယံဖလားပြိုင်ပွဲပုံစံသစ်က အာရပ်ဖလားပြိုင်ပွဲပုံစံနဲ့ တူညီလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဖီဖာကတော့ အသေးစိတ်အချက်အလက်တွေ အဆုံးမသတ်နိုင်သေးခင် အာရှဘောလုံးအဖွဲ့ချုပ်အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့ ပြောကြားခဲ့ပါတယ်။