
ဘိုင်ယန်မြူးနစ်ကိုပစ်ပယ်ကာ လီဗာပူးဆီရောက်ရှိလာရခြင်းအကြောင်းရင်းကို ရှင်းပြလိုက်တဲ့ ဖလော်ရီယန်ဝစ်ဇ်ရဲ့ဖခင်
ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ကိစ္စနဲ့ပတ်သက်လို့ ဂျာမန်ကွင်းလယ်ဖန်တီးရှင်ငြင်းဆန်ရခြင်းအကြောင်းရင်းကို ဖလော်ရီယန်ဝစ်ဇ်ရဲ့ဖခင်ဖြစ်သလို အေးဂျင့်လည်းဖြစ်တဲ့ ဟန်စ်ဂျိုအာချင်းဝစ်ဇ်ကရှင်းလင်းပြောကြားခဲ့ပါတယ်။ ဖလော်ရီယန်ဝစ်ဇ်က ပြီးခဲ့တဲ့လအတွင်း လီဗာပူးဆီ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၁၆ သန်းဖြင့် ရောက်ရှိလာခဲ့ပါတယ်။
သူက ကြိုးကြာနီနဲ့ ၂၀၃၀ ပြည့်နှစ်အထိ ရှိနေမယ်လို့သိရတဲ့ ကာလရှည်သဘောတူညီမှုစာချုပ်တစ်ရပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့က လီဗာပူးအသင်းရဲ့ယခင်အပြောင်းအရွှေ့စံချိန်ဖြစ်တဲ့ ဗန်ဒိုက် (ပေါင် ၇၅ သန်း၊ ၂၀၁၈ ခုနှစ်)ကို ကျော်ဖြတ်သွားခဲ့ပါတယ်။ အခုအပြောင်းအရွှေ့သဘောတူညီမှုမှာ လက်ငင်းငွေသားပေါင်သန်း ၁၀၀ နဲ့ အပိုထပ်ဆောင်းဆုကြေးပေါင် ၁၆ သန်းတို့ ပါဝင်ပါတယ်။
ဒီအပိုထပ်ဆောင်းဆုကြေးတွေသာ ပေါင်းထည့်နိုင်မယ်ဆိုရင် အသက်-၂၂ နှစ်အရွယ်ကစားသမားရဲ့ အန်ဖီးလ်ခရီးစဉ်က ၂၀၂၃ ခုနှစ်၊ အန်ဇိုဖာနန်ဒက်ဇ်အတွက် ချဲလ်ဆီးအသင်းပေးချေရတဲ့ ပေါင် ၁၀၇ သန်းကို ကျော်ဖြတ်ကာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ် ဖြစ်လာပါလိမ့်မယ်။ ဝစ်ဇ်က လေဗာကူဆင်အတွက် ပြိုင်ပွဲစုံ ၁၉၇ ပွဲပါဝင်ကစားကာ ၅၇ ဂိုးသွင်းယူပေးခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ ကလပ်အသင်းသမိုင်းတလျှောက်ပထမဆုံးအကြိမ်ဘွန်ဒက်စ်လီဂါချန်ပီယံဆုရရှိအောင် ကူညီပေးခဲ့ပါတယ်။
သူ့ကိုခေါ်ယူဖို့ လီဗာပူးအသင်းတစ်ခုတည်းကသာ စိတ်ဝင်စားခဲ့တာမျိုး မဟုတ်ပါဘူး။ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်တို့ကလည်း အရည်အသွေးမြင့်တိုက်စစ်ကစားသမားကိုရရှိဖို့ အင်တိုက်အားတိုက်ကြိုးပမ်းခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ မန်စီးတီးက လိုင်ယွန်ကစားသမားချာကီကို အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် လတ်တလောမှာလည်း ဘိုင်ယန်မြူးနစ်က မူစီယာလာရဲ့ကာလရှည်ဒဏ်ရာရရှိမှုနဲ့အတူ တိုက်စစ်မှူးအသစ်တစ်ဦးခေါ်ယူဖို့ ဈေးကွက်အတွင်းမှာ ရှိနေသေးပါတယ်။
အင်တာဗျူးတစ်ခုမှာတော့ ဟန်စ်ဂျိုအာချင်းဝစ်ဇ်က သူ့ရဲ့ကစားသမားဟာ ဘိုင်ယန်မြူးနစ်ကို ဘာကြောင့်ငြင်းပယ်ခဲ့သလဲဆိုတာ ထုတ်ပြောလာခဲ့ပါတယ်။ ဂျိုအာချင်းဝစ်ဇ်က “ ဖလော်ရီယန်ဝစ်ဇ်ကို အန်းစလော့က ပုဂ္ဂိုလ်ရေးအရ စည်းရုံးနိုင်ခဲ့ပါတယ်။ အန်းစလော့က ပုဂ္ဂိုလ်ရေးအရ ခင်မင်နှစ်သက်ဖွယ်ကောင်းသူတစ်ဦးလည်း ဖြစ်ပါတယ်။
အန်းစလော့က သူ့အသင်းကစားပုံရဲ့ခံယူချက်၊ ဘောလုံးပိုင်ဆိုင်ထားချိန်နဲ့ ဖိအားပေးချိန် အသုံးပြုတဲ့ နည်းဗျူဟာပိုင်း၊ ဒီကဏ္ဍတွေမှာ ဖလော်ရီယန်ဝစ်ဇ် ဘယ်လိုတိုးတက်လာနိုင်သလဲဆိုတာတွေကို အသေးစိတ်ပြောပြခဲ့ပါတယ်။ ဒါက ဖလော်ရီယန်ဝစ်ဇ်ကို အတော်လေးအထင်ကြီးသွားစေခဲ့ပါတယ်။ ကွန်ပနီမှာလည်း ဘိုင်ယန်မြူးနစ်နဲ့ ဖလော်ရီယန်ဝစ်ဇ်ပေါင်းစပ်ဖို့အတွက် အလွန်ကောင်းမွန်တဲ့ အတွေးအမြင်တွေ ရှိခဲ့ပါတယ်။
နောက်ဆုံးမှာတော့ အားကစားဆိုင်ရာအခြေအနေတွေနဲ့ ဖလော်ရီယန်ဝစ်ဇ်ကစားရမယ့် အခန်းကဏ္ဍ မတူကွဲပြားမှုတွေက ကစားသမားရဲ့ဆုံးဖြတ်ချက်အပေါ် သြဇာလွှမ်းမိုးမှုရှိခဲ့တဲ့ကွဲလွဲချက်တွေ ဖြစ်ပါတယ်။ ဘဏ္ဍာငွေကြေးပိုင်းနဲ့ပတ်သက်လို့ နှစ်သင်းအကြား ကွာဟချက် ကြီးကြီးမားမားမရှိခဲ့ပါဘူး။ ထပ်ပြောရမယ်ဆိုရင် ဘိုင်ယန်မြူးနစ်က အပြင်းအထန်ကြိုးစားခဲ့ပေမယ့် ဆုံးဖြတ်ချက်တစ်ခုတော့ ချမှတ်ဖို့ လိုအပ်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌအူလီဟိုးနက်စ်နဲ့ နောက်ဆုံးအကြိမ်စကားပြောဆိုခဲ့မှုအကြောင်း ရှင်းပြရာမှာ ဂျိုအာချင်းဝစ်ဇ်က “ အရင်ကတည်းက ကျွန်တော်တို့နှစ်ဦးအကြား အကြိမ်ကြိမ်စကားပြောဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အူလီဟိုးနက်စ်ဟာ မှန်ကန်မျှတပြီး ရည်မှန်းချက်မြင့်မားသူဆိုတာကို သိလာရပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်လည်း သူ့ရဲ့စိတ်ပျက်နေမှုကို မဖုံးကွယ်ထားနိုင်ခဲ့ပါဘူး။ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ အူလီဟိုးနက်စ်ကိုယ်တိုင်လည်း ပုဂ္ဂိုလ်ရေးအရ အပြင်းအထန်အားထုတ်ခဲ့ပါတယ်”လို့ ပြောပါတယ်။