
လီဗာပူးနဲ့ရင်ဆိုင်သွားရဖို့ရှိပေမယ့် ယူနိုက်တက်ရဲ့ ကြာသပတေးနေ့လေ့ကျင့်ရေးအစီအစဉ်ကို ကစားသမား ၄ ဦးအထိလွဲချော်ခဲ့
လာမယ့် တနင်္ဂနွေနေ့မှာ အင်္ဂလန်ဒါဘီပွဲစဉ်အဖြစ် လီဗာပူးကို အန်ဖီးလ်မှာသွားရောက်ရင်ဆိုင်ရဖို့ရှိပေမယ့် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်အပါအဝင် မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ကစားသမား ၄ ဦးဟာ ကြာသပတေးနေ့ကပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေကျင့်ရေးအစီအစဉ်ကိုလွဲချော်ခဲ့တယ်လို့သိရပါတယ်။
အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်တွေကြောင့် ဘရူနိုဖာနန်ဒက်စ်၊ ကတ်စ်မဲရိုး၊ မားသီးယက်စ်ကွန်ညာနဲ့ အာမက်ဒီယာလိုတို့ဟာ နည်းပြရူဘင်အာမိုရင်ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ အပိုတစ်ရက်အနားယူခွင့်ရခဲ့ကြပြီး ကြာသပတေးနေ့ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးအစီအစဉ်မှ နုတ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။ သို့သော်လည်း အဆိုပါကစားသမား ၄ ဦးဟာ ကြံ့ခိုင်ရေးအပြည့်အဝရရှိဖို့အတွက်တော့ ကြိုးစားနေကြပြီး လီဗာပူးနဲ့ရင်ဆိုင်သွားရမယ့်ပွဲစဉ်အတွက် အာရုံစိုက်နေတယ်လို့ ယူနိုက်တက်ဘက်က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆန်းဒါးလန်းကို ၂-၀ နဲ့အနိုင်ရခဲ့ပြီးနောက် ယခုအခါမှာ ယူနိုက်တက်အနေနဲ့ အာမိုရင်လက်ထက် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်အနိုင်ရဖို့ အခွင့်အရေးရရှိလာခဲ့ပြီဖြစ်ပါတယ်။
အာမိုရင်က ပြီးခဲ့တဲ့စက်တင်ဘာလနှောင်းပိုင်းကတည်းက ဒဏ်ရာပြဿနာကြောင့် အနားယူနေခဲ့ရတဲ့ နောက်ခံလူ မာဇရာဝီဟာ ယခုလီဗာပူးနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားနိုင်ကြောင်း အရိပ်အမြွက်ပြောကြားထားပေမယ့် ဗဟိုခံစစ်မှူး လီဆန်ဒရိုမာတီနက်ဇ်ကတော့ ပြန်ကစားနိုင်ဖို့မရှိသေးကြောင်း အသိပေးပြောကြားထားပါတယ်။
မာတီနက်ဇ်အနေနဲ့ ယူနိုက်တက်ရဲ့လေ့ကျင့်ရေးအစီအစဉ်ကို အပြည့်အဝပြန်ဆင်းနေပြီဖြစ်ပေမယ့် အာမိုရင်ကတော့ စွန့်စားမှုမပြုလုပ်ချင်တာကြောင့် ကစားသမားကို ပြန်လည်ကစားခိုင်းဖို့ ခွင့်မပြုသေးတာဖြစ်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ဟာ ယခုနှစ် ဖေဖော်ဝါရီလ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာကတည်းက ဒူးခေါင်းဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ၈ လကျော်အထိ အနားယူနေခဲ့ရတာဖြစ်ပါတယ်။
မာတီနက်ဇ်ရဲ့ ကြံ့ခိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး အသင်းဖော်ကတ်စ်မဲရိုးကတော့ "မာတီနက်ဇ်က ပြန်ကစားနိုင်ဖို့နီးစပ်နေပါပြီ။ သူက အလုပ်အရမ်းကြိုးစားတဲ့ကစားသမားတစ်ယောက်ပါ။ အမြဲတမ်း အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာရောက်နေပြီး ပြန်လာနိုင်ဖို့ ကြိုးစားနေပါတယ်။ ကွင်းထဲမှာပဲမဟုတ်ဘဲ ကွင်းပြင်ပမှာလည်း သူက အလုပ်ကြိုးစားတဲ့လူတစ်ယောက်ပါ။ သူက အသင်းအတွက်မရှိမဖြစ်လိုအပ်တဲ့ ကစားသမားတစ်ယောက်ဆိုလည်းမမှားပါဘူး" လို့ပြောကြားခဲ့ပါတယ်။