
တော့တင်ဟမ်နဲ့အတူ ချန်ပီယံလိဂ်ပွဲဦးထွက်ယှဉ်ပြိုင်ရမှုကို ကျေနပ်အားရနေတဲ့ သောမတ်စ်ဖရန့်ခ်
တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်က အင်္ဂါနေ့၊ ဗီလာရီးရဲလ်နဲ့ရင်ဆိုင်ရမယ့် သူ့ရဲ့ချန်ပီယံလိဂ်ပွဲဦးထွက်အတွက် ပြင်ဆင်နေချိန်မှာပဲ ဥရောပထိပ်တန်းကလပ်အသင်းတွေနဲ့ရင်ဆိုင်ကာ စမ်းသပ်ခံရမယ့် အခွင့်အလမ်းကို စောင့်မျှော်နေပါပြီလို့ ပြောဆိုခဲ့ပါတယ်။
တော့တင်ဟမ်က နည်းပြဟောင်းပိုစတီကိုဂလူလက်အောက် ယမန်နှစ်ဘောလုံးရာသီ၊ ယူရိုပါလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့လို့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပထိပ်တန်းကလပ်အသင်းတွေရဲ့ ပြိုင်ပွဲကြီးဆီ ပါဝင်ယှဉ်ပြိုင်သွားပါလိမ့်မယ်။
ပရီမီးယားလိဂ်မှာ အဆင့်-၁၇ နေရာနဲ့ရာသီသိမ်းပြီးနောက် တော့တင်ဟမ်က ပိုစတီကိုဂလူကို ထုတ်ပယ်ကာ သောမတ်စ်ဖရန့်ခ်ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒိန်းမတ်သားနည်းပြက ဥရောပအဆင့်အတွေ့အကြုံအဖြစ် ဘရွန်ဘီအသင်းနဲ့အတူ ယူရိုပါလိဂ်ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုသာ ရှိထားပါတယ်။
တနင်္လာနေ့၊ သတင်းစာရှင်းလင်းပွဲအတွင်း သူက “ မနက်ဖြန်မှာ အလွန်ကောင်းမွန်တဲ့အတွေ့အကြုံတစ်ခု ရှိပါတယ်။ ကျွန်တော်တို့က ဘရန့်ဖို့ဒ်နဲ့အတူ Griffin Park ကွင်း(ဘရန့်ဖို့ဒ်ရဲ့အိမ်ကွင်းဟောင်း)မှာ ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ အဲ့ဒီကွင်းက သေးငယ်ကျစ်လစ်တဲ့ဘောလုံးကွင်းတစ်ခုပါ။
မနက်ဖြန်မှာဆိုရင် ကျွန်တော်တို့က ကျွန်တော်တို့ရဲ့အံ့အားသင့်လောက်စရာပရိသတ်တွေရှေ့မှောက် ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ဘောလုံးကွင်းအတွင်း ယှဉ်ပြိုင်ကစားရပါမယ်။ ဒါဟာ ဥရောပအဆင့်ညချမ်းတစ်ခုဖြစ်ပြီး အားလုံးလည်း စိတ်ကျေနပ်ကြလိမ့်မယ်ဆိုတာ သိပါတယ်။ ထူးရှယ် ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ချန်ပီယံလိဂ်တေးသံနားထောင်နိုင်မယ့် ပထမဆုံးနှစ်မိနစ်တာကာလကို အမှန်တကယ်စောင့်မျှော်နေပါပြီ။ ပြီးရင်တော့ ပွဲစဉ်အပေါ် အာရုံစိုက်သွားပါမယ်”လို့ ပြောပါတယ်။
၂၀၁၉ ခုနှစ်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ တော့တင်ဟမ်က အခုဘောလုံးရာသီသစ်ကို အတောက်ပဆုံးစတင်ထားနိုင်ပြီး ပရီးမီးယားလိဂ်အဖွင့်လေးပွဲအနက် သုံးပွဲကို အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် သူတို့တွေက သြဂုတ်လလယ်၊ ဥရောပစူပါဖလားဗိုလ်လုပွဲမှာလည်း ဥရောပချန်ပီယံပီအက်စ်ဂျီကို အခက်တွေ့အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ကာ ဆုဖလားနဲ့ လွဲချော်ခဲ့ပါတယ်။
အသက်-၅၁ နှစ်အရွယ်သောမတ်စ်ဖရန့်ခ်ကတော့ ချန်ပီယံလိဂ်အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ဖို့ ရမှတ် ဘယ်လောက်အထိလိုအပ်မလဲဆိုတာအပေါ် အာရုံမစိုက်ထားဘူးလို့ ပြောခဲ့ပါတယ်။ သူက “ ကိစ္စရပ်တစ်ခုတည်းအပေါ်မှာပဲ ကျွန်တော် အာရုံစိုက်ထားပါတယ်။ မနက်ဖြန်မှာ ဗီလာရီးရဲလ်ကို အနိုင်ရမလားဆိုတာ စောင့်ကြည့်သွားကြတာပေါ့။ ဒါကပဲ အရေးအကြီးဆုံးအရာ ဖြစ်ပါတယ်။ ပြီးရင် ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။ တချိန်တည်းမှာ တစ်ပွဲသာ ကစားနိုင်ပါတယ်”လို့ ဆိုပါတယ်။
တော့တင်ဟမ်ရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပြိုင်ဘက်တွေထဲမှာ မိုနာကို၊ ပီအက်စ်ဂျီနဲ့ ဒေါ့မွန်တို့လို အသင်းကောင်းတွေ ပါဝင်နေပါတယ်။ တိုက်စစ်မှူးဆိုလန်ကီကတော့ တနင်္လာနေ့လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့လို့ အခုပွဲစဉ်မှာ ပါဝင်ကစားရန် အဆင့်သင့်မဖြစ်သေးဘူးလို့ ဒိန်းမတ်သားနည်းပြထံမှ သိရပါတယ်။