ဟာလန်းအပြင် တခြားကစားသမားတွေဆီက ဂိုးပိုမိုရရှိနိုင်မယ်လို့ ပက်ဂွါဒီယိုလာ ယုံကြည်နေ
မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက အာလင်းဟာလန်းဟာ အသင်းရဲ့ အဓိက ဂိုးသွင်းစက်ဖြစ်နေဆဲ ဖြစ်ပေမယ့် တခြားကစားသမားတွေလည်း ဂိုးတွေ ပိုသွင်းယူနိုင်တဲ့ စွမ်းရည်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဟာလန်းဟာ ဒီရာသီ ပြိုင်ပွဲစုံ ၁၅ ဂိုး သွင်းယူထားပြီးဖြစ်ပြီး၊ ဖီးလ်ဖိုဒန်က နှစ်ဂိုးသွင်းထားကာ ကျန်ကစားသမား ၆ ဦးကတော့ တစ်ဂိုးစီ သွင်းယူထားပါတယ်။ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ဂွာဒီယိုလာက အသင်းအနေနဲ့ ဂိုးတွေကို ပိုမိုမျှဝေသွင်းယူဖို့ လိုအပ်ကြောင်း ဝန်ခံခဲ့ပါတယ်။
ဂွါဒီယိုလာက"ရှေ့တန်းက ဂိုးသွင်းနှုန်းတွေ ပိုကောင်းဖို့ လိုပါတယ်။ သူတို့ သိကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဂိုးသွင်းနိုင်တဲ့ စွမ်းရည်ရှိတဲ့ ကစားသမားတွေ ရှိပါတယ်။ ချာကီ၊ ဖီးလ်ဖိုဒန် - သူတို့ ကောင်းကောင်း ကစားနေကြပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကကစားသမားတွေဆီကနေ ပိုပြီး ထိရောက်တဲ့ ရလဒ်တွေ လိုအပ်နေတာပါ" လို့ ဆိုပါတယ်။ ဟာလန်းကို အများကြီး အားကိုးနေရပေမယ့် ဂွာဒီယိုလာက ကျန်တဲ့ အသင်းသားတွေအပေါ် ယုံကြည်မှုရှိကြောင်း ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာက"ကျွန်တော်တို့မှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့်ပဲ ကျွန်တော် အကောင်းမြင်နေတာပါ။ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ အနေအထားကောင်းနေပြီး၊ ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းပါတယ်။ အာဆင်နယ်က အခုအချိန်မှာ တားဆီးမရနိုင်အောင် ဖြစ်နေပေမယ့် ကျွန်တော်တို့ တိုးတက်လာမှာပါ၊ ပိုကောင်းလာမှာပါ၊ ပိုနီးစပ်လာမှာပါ" လို့လည်း ဆိုပါတယ်။
မန်စီးတီးအတွက် ၁၅၈ ပွဲမှာ ၁၃၉ ဂိုးသွင်းယူထားတဲ့ ဟာလန်းဟာ လေးရာသီအတွင်း တတိယမြောက် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရရှိဖို့ ကြိုးပမ်းနေပါတယ်။ ဂွါဒီယိုလာကတော့ ဟာလန်းတစ်ယောက် ဖိအားခံစားနေရတယ်ဆိုတဲ့ အတွေးမျိုးကိုတော့ ပယ်ချခဲ့ပါတယ်။ ဂွါဒီယိုလာက"သူ ဂိုးသွင်းရတာ မပင်ပန်းပါဘူး။ သူ ပင်ပန်းလာရင် ကျွန်တော့်ကို ပြောနိုင်ပါတယ်။ ကျွန်တော်တို့ ချာကီကို သုံးပြီး ကစားတာ ဒါမှမဟုတ် ပြိုင်ဘက်ပေါ်မူတည်ပြီး ကစားကွက်ပြောင်းတာမျိုးလည်း လုပ်နိုင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။