
ဗီလာရီးရဲလ်ကို အနိုင်ယူပြီးနောက် ဂျွန်စတုန်းစ်နဲ့ ဘာနာဒိုဆေးလ်ဗားတို့ကို ချီးကျူးခဲ့တဲ့ ပက်ဂွါဒီယိုလာ
ဗီလာရီးရဲလ်ကို အဝေးကွင်းမှာ ၂-၀ ဂိုးဖြင့် ခက်ခက်ခဲခဲအနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး ပက်ဂွါဒီယိုလာက သူ့အသင်းလူစာရင်းပိုင်းနဲ့ပတ်သက်လို့ ကျေနပ်အားရမှုကို ဖော်ပြခဲ့ပါတယ်။ အခုနိုင်ပွဲအတွက် ဟာလန်းနဲ့ ဘာနာဒိုဆေးလ်ဗားတို့က သွင်းဂိုးတွေရယူပေးခဲ့ပြီး မန်စီးတီးနည်းပြကတော့ အထူးဂုဏ်ပြုပေးဖို့အတွက် ဂျွန်စတုန်းစ်နဲ့ ဘာနာဒိုဆေးလ်ဗားတို့ကို ရွေးထုတ်ခဲ့ပါတယ်။
ဂျွန်စတုန်းစ်ရဲ့တည်ငြိမ်ကောင်းမွန်လှတဲ့ စွမ်းဆောင်ရည်အကြောင်း မေးမြန်းချိန် ပက်ဂွါဒီယိုလာက “ အရမ်းကောင်းပါတယ်။ ထိပ်တန်းအဆင့်ပါပဲ။ သူက သူ့နေရာမှာ အကောင်းဆုံးကစားနိုင်ပြီး ကျွန်တော်တို့ကို ကူညီပေးခဲ့ပါတယ်။ ပွဲစဉ်တလျှောက်လုံး ဂျွန်စတုန်းစ်ပြသခဲ့တဲ့စွမ်းဆောင်ရည်အတွက် တကယ်ကိုကျေနပ်စရာပါ။ ဆုဖလားသုံးလုံးဆွတ်ခူးနိုင်ခဲ့တဲ့ရာသီမှာလည်း သူက ထူးထူးခြားခြားစွမ်းဆောင်ပြပြီး ဒီကလပ်အသင်းအတွက် အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။
ဟာလန်းရဲ့သွင်းဂိုးအတွက်ရော၊ ဘာနာဒိုဆေးလ်ဗားရဲ့ကောင်းမွန်လှတဲ့ ခေါင်းတိုက်သွင်းဂိုးအတွက်ပါ ကျွန်တော် ကျေနပ်အားရမိပါတယ်။ ဘာနာဒိုဆေးလ်ဗားက မာရက်ဇ်၊ မက်ဆီလို ကစားသမားမျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်သေးကွေးပေမယ့် ဘောလုံးကို ဦးနှောဏ်နဲ့ကစားတာ အရမ်းကောင်းပါတယ်။ ပထမပိုင်းပွဲချိန်နဲ့ ဒုတိယပိုင်းပွဲချိန်အခိုက်အတန့်အချို့ကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ကျွန်တော်တို့အသင်း အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က အရမ်းကောင်းတဲ့စွမ်းဆောင်ရည်တစ်ခုကို ထုတ်ပြခဲ့ပါတယ်။ ဗီလာရီးရဲလ်ဆိုတာ ထိပ်တန်းကလပ်အသင်းတစ်ခုဖြစ်တယ်ဆိုတာ စပိန်ပရိသတ်တွေကိုယ်တိုင်လည်း သိကြပါတယ်”လို့ ပြောပါတယ်။