
ချန်ပီယံလိဂ်သွင်းဂိုး ၅၃ ဂိုးပြည့်မြောက်ခဲ့တဲ့ ဟာလန်းကို ချီးကျူးပြောဆိုလာတဲ့ လူးဝစ်
မန်ချက်စတာစီးတီးကွင်းလယ်လူ ရီကိုလူးဝစ်က ဗုဒ္ဓဟူးနေ့နံနက်က ဗီလာရီးရဲလ်ကို ၀-၂ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ချန်ပီယံလိဂ်သွင်းဂိုး ၅၃ ဂိုးပြည့်မြောက်ခဲ့တဲ့ အသင်းဖော်တိုက်စစ်မှူး အာလင်းဟာလန်းကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ ဟာလန်းဟာ ပွဲကစားချိန် ၁၇ မိနစ်မှာပဲ လူးဝစ်ရဲ့ဖန်တီးပေးပို့မှုမှတစ်ဆင့် ဦးဆောင်ဂိုးစတင်သွင်းယူခဲ့တာဖြစ်ပါတယ်။ နော်ဝေးလက်ရွေးစင်ဟာ ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၁၁ ပွဲကစားချိန်မှာ ၁၅ ဂိုးအထိသွင်းယူထားနိုင်ပြီလည်းဖြစ်ပါတယ်။
ဒါ့အပြင် နော်ဝေးလက်ရွေးစင်ဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာလည်း ၅၃ ဂိုးနဲ့ အဆင့် ၉ နေရာသို့ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ မန်စီးတီးအတွက်အနိုင်သေချာစေမယ့် ဒုတိယမြောက်ဂိုးကိုတော့ အသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗားက ပထမပိုင်းပွဲကစားချိန် မိနစ် ၄၀ မှာပဲသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ရီကိုလူးဝစ်က "ဟာလန်းက မယုံနိုင်စရာကစားသမားပါ။ သူနဲ့အတူကစားရတာ အသင်းအတွက်အကူအညီအများကြီးဖြစ်စေပါတယ်။ သူက ပြိုင်ဘက်နောက်တန်းတွေကို ဆွဲခေါ်ပေးထားလို့ ကျွန်တော်တို့ လွတ်လွတ်လပ်လပ်လှုပ်ရှားဖို့ အခွင့်အရေးတွေရပါတယ်။ သူရှိနေရင် ပြိုင်ဘက်ရဲ့ခံစစ်က အမြဲတမ်း ဖရိုဖရဲဖြစ်နေတာပါပဲ"
"ကျွန်တော်သူ့ကိုချီးကျူးပါတယ်။ သူက အလုပ်လည်းအရမ်းကြိုးစားတဲ့သူပါ။ ဘယ်တော့မှ ဂိုးသွင်းနှုန်းကို လျှော့ချပစ်ချင်တဲ့သူမဟုတ်ပါဘူး။ ဒါကို အားလုံးလည်းမြင်မှာပါ။ ဒီပွဲမှာ ကျွန်တော်တို့ ပြိုင်ဘက်ကို ထိန်းချုပ်ပြီးကစားနိုင်ခဲ့တယ်လို့ထင်ပါတယ်။ ဒီထက်ပိုပြီးကောင်းလာဖို့လည်း ကြိုးစားသွားပါမယ်"
"ဒီပြိုင်ပွဲမှာ ကျွန်တော်တို့အနိုင်ရချင်ပါတယ်။ အသင်းရဲ့အကောင်းတွေရော၊ အဆိုးတွေရောကို မြင်တွေ့နိုင်ဖို့လိုပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ Clean Sheet ရခဲ့ပြီး အနိုင် ၃ မှတ်ကိုဖော်ဆောင်နိုင်ခဲ့ပါတယ်။ အသင်းက ယုံကြည်မှုပြန်ရှိလာခဲ့ပြီလို့ထင်ပါတယ်။ ယုံကြည်ချက်ရှိရင် ဘယ်အရာကမှ ကျွန်တော်တို့ကို တားဆီးနိုင်မှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ မန်စီးတီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲဆက်မှု ကို အရှိန်မြှင့်တင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။