
ရိုဒရီပြန်လာနိုင်ရေးစီမံခန့်ခွဲနေမှုရဲ့အရေးပါပုံအကြောင်း ရှင်းပြလာတဲ့ ပက်ဂွါဒီယိုလာ
ကြံ့ခိုင်မှုအပြည့်ဖြင့် ရိုဒရီပြန်လာနိုင်ရေးအတွက် မန်စီးတီးအသင်းဂရုတစိုက်ကိုင်တွယ်နေခြင်းရဲ့ အရေးပါမှုအကြောင်းကို ပက်ဂွါဒီယိုလာက အလေးပေးပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ပြင်းထန်ဒူးဒဏ်ရာခံစားခဲ့ရတဲ့ ဘော်လွန်းဒီအော်ဆုရှင်က ယမန်နှစ်ဘောလုံးရာသီနှောင်းပိုင်း၊ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုမှာ ပါဝင်ကစားခဲ့သလို ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပွဲကစားချိန်အချို့ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ကွင်းလယ်ကြယ်ပွင့်က အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာသာ ကျန်နေရစ်ခဲ့ပြီး ပက်ဂွါဒီယိုလာကိုယ်တိုင်ကလည်း ၂၀၂၅-၂၀၂၆ ဘောလုံးရာသီစတင်ချိန် ရိုဒရီကို ပစ်ပယ်ထားမှာမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
မန်စီးတီးနည်းပြက “ ဒီဒဏ်ရာမျိုးရရှိပြီးနောက်တစ်နှစ်အတွင်း ကြွက်သားပြဿနာအချို့နဲ့လည်း ရင်ဆိုင်ရလေ့ရှိလို့ ခက်ခဲလှတဲ့ ဒဏ်ရာအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြဿနာတွေနဲ့ရှောင်ရှားနိုင်အောင် ကျွန်တော်တို့ အပြင်းအထန်ကြိုးစားရပါမယ်။ ရိုဒရီအတွက် ပွဲကစားချိန် ဘယ်လောက်အထိလိုအပ်မလဲဆိုတာ အတိအကျသိရဖို့ အလွန်ခက်ခဲပါတယ်။ သူကတော့ ပွဲကစားပေးဖို့ စိတ်အားထက်သန်နေပါတယ်။ ကျွန်တော်တို့အတွက်လည်း သူ့ရဲ့စိတ်အားထက်သန်မှု၊ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ခြေစွမ်းတွေ လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာဆိုရင် သူ့ကို ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားလို့တောင် သတ်မှတ်ခဲ့ပါတယ်။
ဒါကြောင့်ပဲ သူပြန်လာဖို့ အလွန်အရေးကြီးနေတာပါ။ သူ့ကို အဝတ်လဲခန်းထဲမှာ ပြန်မြင်တွေ့ရတာ ကျွန်တော့်အတွက် စိတ်ချမ်းသာရာရစေပါတယ်။ ရိုဒရီက မိနစ်အနည်းငယ်လောက်ပါဝင်ကစားဖို့အတွက် အတော်လေးနီးစပ်နေပါပြီ။ ပြီးရင်တော့ တစ်ရက်လောက် အနားယူရပါမယ်။ ဒါက သူ့အတွက် ဘယ်အရာအကောင်းဆုံးဖြစ်မလဲဆိုတာသိရဖို့ အလွန်အခက်တွေ့စေပါတယ်”လို့ ပြောပါတယ်။ မန်စီးတီးက ဒီနေ့ညပိုင်းမှာ ဝုဗ်နဲ့ အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရင်း ပရီးမီးယားလိဂ်ခရီးစဉ် စတင်သွားပါမယ်။