
အသင်းမှ ဂူဟီနဲ့ အီဇီတို့ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို ပဲလေ့စ်ဥက္ကဌ ပြန်လည်တုံ့ပြန်
ခရစ္စတယ်ပဲလေ့စ်ဥက္ကဌ စတိဗ်ပါရစ်ရှ်က ယခုနွေရာသီအတွင်း အသင်းမှထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ တောင်ပံကစားသမား အီဘရီချီအီဇီနဲ့ နောက်ခံလူ မာ့ခ်ဂူဟီတို့ရဲ့သတင်းတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
အဆိုပါကစားသမား ၂ ဦးဟာ ခရစ္စတယ်ပဲလေ့စ်ကို အဓိကအကူအညီပေးနေကြတဲ့ ကစားသမားတွေဖြစ်ပြီး ပရီးမီယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ လီဗာပူးတို့ရဲ့စိတ်ဝင်စားမှုကို ခံနေကြရသူတွေလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဗာပူးကို အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ အီဇီနဲ့ ဂူဟီတို့ဟာ ပဲလေ့စ်အတွက် အလွန်အရေးပါတဲ့ကစားသမားတွေအဖြစ် ပါဝင်ကစားခဲ့ကြပြီး ကလပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကွန်မြူနတီဒိုင်းကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
လက်ရှိအပြောင်းအရွှေ့သတင်းတွေအရတော့ အာဆင်နယ်ဟာ အီဇီကို ခေါ်ယူဖို့စိတ်ဝင်နေပြီး ပေါင် ၆၅ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေသလို၊ ဂူဟီကိုလည်း လီဗာပူးက နောက်တန်းမှာ အင်အားဖြည့်တင်းဖို့ မျက်စိကျနေတာဖြစ်ပါတယ်။ အဆိုပါ ကစားသမား ၂ ဦးရဲ့စွမ်းဆောင်မှုနဲ့အတူ ပဲလေ့စ်ဟာ ပြည်တွင်းအောင်မြင်မှုတွေရရှိခဲ့ပေမယ့် အသင်းဥက္ကဌကတော့ ကစားသမားတွေကို အသင်းကနေ ရောင်းချသွားနိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ပါရစ်ရှ်က "အီဇီနဲ့ ဂူဟီတို့က အသင်းအတွက် အရမ်းအရေးပါတဲ့ကစားသမားတွေဖြစ်ပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ ကစားသမားတွေက အသင်းတစ်သင်းကိုလာလိုက် အခြားအသင်းဆီထွက်သွားလိုက်လုပ်နေကြတာပါပဲ။ ဒါက ဘောလုံးလောကရဲ့ သံသရာပဲမဟုတ်လား။ သူတို့ အသင်းမှာဆက်နေမယ်လို့တော့မျှော်လင့်ပေမယ့် ကျွန်တော်တို့ စောင့်ကြည့်သွားရဦးမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ယခုနွေရာသီအတွင်း ပဲလေ့စ်ဟာ ကစားသမားသစ် ၂ ဦးသာ ထပ်မံခေါ်ယူထားတာကြောင့် ပြီးခဲ့တဲ့ရာသီက အက်ဖ်အေဖလားဆွတ်ခူးပေးနိုင်ခဲ့တဲ့ နည်းပြ အိုလီဗာဂလက်စ်နာအနေနဲ့ အသင်းရဲ့လုပ်ဆောင်ချက်တွေအပေါ် စိတ်ပျက်မိကြောင်း ပြောကြားထားပါတယ်။
သို့သော်လည်း ပါရစ်ရှ်ကတော့ "ကျွန်တော်တို့ ကစားသမားသစ်တွေခေါ်ဖို့ မလွယ်ပါဘူး။ အသင်းမှာ ကစားသမားကောင်း ၁၅-၁၆ ယောက်လောက်ရှိပါတယ်။ သူတို့က ပရီးမီးယားလိဂ်မှာယှဉ်ပြိုင်ဖို့ အဆင်သင့်ပါပဲ။ ဘောလုံးအသင်းတွေမှာ ပိုက်ဆံသုံးနိုင်ဖို့က အရေးကြီးတဲ့အချက်တစ်ချက်ပါ။ ကျွန်တော်တို့လည်း လုပ်နိုင်သလောက် လုပ်နေပါတယ်။ လောလောဆယ်မှာတော့ အသင်းရဲ့ ဘောလုံးအဆင့်အတန်းမြင့်လာဖို့ပဲ ကျွန်တော်တို့ ကြိုးစားသွားရမှာပါ" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်ဩဂုတ်လ ၁၇ ရက်နေ့မှာတော့ ခရစ္စတယ်ပဲလေ့စ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ပူပူနွေးနွေးကလပ်ကမ္ဘာ့ဖလားချန်ပီယံ ချဲလ်ဆီးနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး ပွဲဦးထွက်မှာ ရလဒ်ကောင်းကို ပုံဖော်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။