
အာဆင်နယ်နဲ့ပွဲမှာ မန်စီးတီးပရိသတ် ၃ ထောင်ကျော်အထိလာရောက်အားပေးခဲ့လို့ ကျေးဇူးတင်စကားပြောကြားလာတဲ့ ဂွါဒီယိုလာ
တနင်္ဂနွေနေ့ညက အမ်းမရိတ်စ်အားကစားကွင်းမှာ အာဆင်နယ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို မန်ချက်စတာစီးတီးပရိသတ်အရေအတွက် ၃ ထောင်ကျော်အထိ လာရောက်အားပေးခဲ့ကြတာကြောင့် ပွဲအပြီးမှာ နည်းပြ ပက်ဂွါဒီယိုလာက အားပေးမှုအတွက် ပရိသတ်တွေကို ကျေးဇူးတင်စကားပြောကြားလာခဲ့ပါတယ်။
အသင်းရဲ့ ကစားပုံနဲ့ပတ်သက်ပြီး အသေးစိတ်မရှင်းပြခင်မှာ ဂွါဒီယိုလာက "ကျွန်တော့်အသင်းကို ကျွန်တော်အမြဲတမ်းပြောပါတယ်။ အသင်းရဲ့ပရိသတ်တွေက အမြဲတမ်း အင်အားစိုက်ထုတ်ပြီး ကျွန်တော်တို့ကို အားပေးနေကြတဲ့အကြောင်းပါ။ သူတို့က ဒီအထိလိုက်လာခဲ့ကြပြီး လက်မှတ်တွေကိုလည်း ခက်ခက်ခဲခဲဝယ်ခဲ့ကြရတာပါ။ ဒီလိုအားပေးနိုင်ဖို့ မလွယ်ပါဘူး။ ပရိသတ်တွေကို အရမ်းလေးစားမိပါတယ်။" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး စပိန်သားနည်းပြက "ဒီအပတ်က အသင်းအတွက်အတော်လေးခက်ခဲခဲ့ပါတယ်။ ကြာသပတေးနေ့မှာ ချန်ပီယံလိဂ်ကစားပြီး တနင်္ဂနွေနေ့မှာ လန်ဒန်ကိုထွက်လာခဲ့ရပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ အချိန်လုံလောက်မှုရှိအောင် ခက်ခက်ခဲခဲညှိနေရတဲ့အထဲ အာဆင်နယ်လိုအသင်းမျိုးနဲ့ကစားခဲ့ရတာ ပိုခက်ပါတယ်။ အာဆင်နယ်က လက်ရှိဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲကတစ်သင်းပါ"
"အသင်းရဲ့ခံနိုင်ရည်အားက အတော်လေးချီးကျူးစရာကောင်းခဲ့ပြီး ဒီလိုမှမဟုတ်ရင် အာဆင်နယ်နဲ့ယှဉ်ပြိုင်နိုင်ဖို့ မလွယ်ပါဘူး။ ကျွန်တော်တို့ကစားချင်တဲ့ပုံစံအတိုင်း မကစားနိုင်ခဲ့လို့ သူတို့ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။ ကစားကွက်တည်ဆောက်မှုပိုင်းမှာ ကျွန်တော်တို့ဘက်က လိုအပ်ချက်တွေရှိခဲ့ပြီး သူတို့ကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ မာတင်နယ်လီ၊ ဆာကာ၊ ထရော့ဆက်နဲ့ မာဒူကီတို့လို့ အရမ်းမြန်တဲ့ကစားသမားတွေကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ခက်ခဲတဲ့ရက်သတ္တပတ်အတွင်း သရေတစ်မှတ်တော့ရခဲ့လို့ ကျေနပ်မိပါတယ်" လို့ပြောကြားခဲ့ပါတယ်။