
ဂျိုကာရက်စ်ကို ပေါင်သန်း ၆၀ လောက်နဲ့ရောင်းချသွားမှာမဟုတ်တဲ့ စပို့တင်း
စပို့တင်းလစ္စဘွန်းအသင်းဥက္ကဌ ဖရက်ဒရစ်ကိုဗရန်ဒက်စ်က အသင်းရဲ့စူပါစတားတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကို ပေါင်သန်း ၆၀ လောက်နဲ့ ရောင်းချသွားမှာမဟုတ်ကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ စပို့တင်းလစ္စဘွန်းမှာ ၂ ရာသီကြာနေထိုင်ခဲ့ကာ ပွဲပေါင်း ၁၀၂ ပွဲကစားထားပြီး ၉၇ ဂိုးအထိသွင်းယူထားနိုင်တာကြောင့် ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့က ခေါ်ယူဖို့ ပစ်မှတ်ထားလာကြပါတယ်။
ဂျိုကာရက်စ်နဲ့ စပို့တင်းလစ္စဘွန်းတို့ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၈၅ သန်းအထိရှိနေပေမယ့် အသင်းကနေထွက်ခွာမယ်ဆိုပါက ပေါင် ၅၉ သန်းနဲ့သာ ထွက်ခွာခွင့်ရှိနေတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။ သို့သော်လည်း ယခုအခါမှာ ဗရန်ဒက်စ်က ကလပ်အနေနဲ့ ကစားသမားကို ပေါင် ၅၉ သန်းနဲ့ထွက်ခွာခွင့်ပြုမယ်လို့ ပြောထားခြင်းမရှိကြောင်း အသိပေးလာခဲ့ပါတယ်။
ဗရန်ဒက်စ်က "ကျွန်တော်အာမခံနိုင်တာတစ်ခုကတော့ ဗစ်တာဂျိုကာရက်စ်ဟာ အသင်းကနေ ပေါင်သန်း ၆၀ လောက်နဲ့ ထွက်ခွာခွင့်ရမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီပမာဏကို ကျွန်တော်ပြောခဲ့တာမဟုတ်လို့ပါ။ လက်ရှိအချိန်အထိရော၊ ပြီးခဲ့တဲ့ရာသီအတွင်း ဂျိုကာရက်စ်အတွက် တရားဝင်ကမ်းလှမ်းမှုမျိုးလည်း ကျွန်တော်တို့ မရရှိသေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဂျိုကာရက်စ်ကာဟာ စပို့တင်းလစ္စဘွန်းသို့မရောက်ခင်က ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီမှာ ၃ ရာသီကြာနေထိုင်ခဲ့ပါတယ်။ လက်ရှိ မန်ချက်စတာစီးတီးရဲ့ အားကစားဒါရိုက်တာ ဟူဂိုဗီယာနာဟာ ပြီးခဲ့တဲ့ရာသီက စပို့တင်းနဲ့လက်တွဲခဲ့ပေမယ့် ဂျိုကာရက်စ်ကိုခေါ်ယူဖို့အတွက်တော့ သင့်တော်တဲ့ပမာဏကို ပေးချေသွားဖို့လိုအပ်ကြောင်း ပြောကြားထားပါတယ်။
ဆက်လက်ပြီး ဗရန်ဒက်စ်က "ကစားသမားရဲ့တန်ကြေးအပြည့်အဝကို မရမှာက အေးဂျင့်တွေရဲ့ အစိုးရိမ်ရဆုံးကိစ္စတစ်ခုပါ။ ဒါကြောင့် အေးဂျင့်အနေနဲ့ ကစားသမားရဲ့တန်ဖိုးအတိုင်းပဲ ထွက်ခွာခွင့်ရဖို့ ကြိုးစားသွားမှာပါ။ တစ်နှစ်တာအချိန်အတွင်း ဘာတွေဖြစ်လာမလဲတော့ ကျွန်တော်လည်းမသိပါဘူး။ သူ့ရဲ့တန်ကြေးက ယူရိုသန်း ၄၀၊ ၆၀ ဒါမှမဟုတ် ၈၀ ဖြစ်ရင်လည်းဖြစ်သွားမှာပါ။ ဒါပေမယ့် ကျွန်တော်နောက်ထပ်အာမခံနိုင်တာက ကျွန်တော်တို့သူ့အတွက် ယူရိုသန်း ၁၀၀ အထိတော့ တောင်းဆိုသွားမှာမဟုတ်ဘူးဆိုတာပါပဲ" လို့ပြောကြားခဲ့ပါတယ်။