The network connection is lost.

Banner Image

ဥရောပရွှေဖိနပ်ဆုဆွတ်ခူးခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်တွင် နှစ်ပေါင်းများစွာနေမည်ဟု အမ်ဘာပေကတိပြု

ပြင်သစ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ ၂၀၂၄-၂၅ ရာသီအတွက် ဥရောပရွှေဖိနပ်ဆုကို လက်ခံရယူပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်ချင်ကြောင်း ပြောကြားလိုက်ပါတယ်။ အမ်ဘာပေဟာ မက်ဒရစ်နဲ့ပူးပေါင်းခဲ့တဲ့ ပထမဆုံးရာသီမှာ လာလီဂါ သွင်းဂိုး ၃၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဥရောပထိပ်တန်းလိဂ် ဂိုးသွင်းအများဆုံးဆုကို ရရှိခဲ့တာပါ။ ဆုပေးပွဲအခမ်းအနားကို ဘာနေဗျူးကွင်းမှာ ကျင်းပခဲ့ပြီး နည်းပြ ဇာဗီအလွန်ဆို၊ ရီးရဲလ်မက်ဒရစ်အသင်းသားတွေနဲ့ ကလပ်ဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရက်ဇ်တို့ တက်ရောက်ခဲ့ကြပါတယ်။

အမ်ဘာပေက"ရွှေဖိနပ်ဆု ရတဲ့အတွက် ကျွန်တော့်အတွက် ဝမ်းသာစရာပါပဲ။ ဒီဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးတာဖြစ်လို့ အရေးပါတဲ့ အခိုက်အတန့်တစ်ခုပါ။ ကျွန်တော့်လို တိုက်စစ်မှူးတစ်ဦးအတွက် အဓိပ္ပာယ်များစွာ ရှိပါတယ်" လို့ ပြောခဲ့ပါတယ်။ အမ်ဘာပေဟာ ဒုတိယနေရာရတဲ့ စပို့တင်းတိုက်စစ်မှူး ဗစ်တာယောကရက်စ် နဲ့ တတိယနေရာရတဲ့ လီဗာပူးကြယ်ပွင့် မိုဆာလက်တို့ကို ကျော်တက်ပြီး ဆုရခဲ့တာပါ။  ဒီဆုကို အရင်က ဟယ်ရီကိန်း ၊ အာလင်းဟာလန်း နဲ့ ရောဘတ်လီဝန်ဒေါစကီးတို့လို ကစားသမားတွေ ဆွတ်ခူးခဲ့ဖူးပါတယ်။ အမ်ဘာပေက အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး စပိန်မှာ အောင်မြင်တဲ့ကာလရဲ့ အစသာဖြစ်ပါစေလို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

"ကျွန်တော်တို့မှာ မယုံနိုင်လောက်အောင် ကောင်းတဲ့ အသင်းသားတွေ ရှိပါတယ်။ ဒီနှစ်မှာ အရေးပါတဲ့ ဖလားတွေ ဆွတ်ခူးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အသင်းလိုက် အနိုင်ရတာက အရေးကြီးဆုံးပါပဲ။ကျွန်တော် ဒီမှာ နှစ်ပေါင်းများစွာ နေချင်ပြီး ဒီလိုဆုမျိုးကို အကြိမ်များစွာ ထပ်ရချင်ပါတယ်" လို့လည်း အမ်ဘာပေက ကတိပြုခဲ့ပါတယ်‌။