
ခြေစမ်းပွဲမှာ ရက်ရှ်ဖို့ဒ်ကို ဘာကြောင့်အရန်ကစားသမားအဖြစ်သာ ပါဝင်ခိုင်းခဲ့သလဲ ရှင်းပြလာတဲ့ ဟန်ဆီဖလစ်
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘီနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်ကစားသမားသစ် မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ဒုတိယပိုင်းအစမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခိုင်းခဲ့ပြီး ပွဲအပြီးမှာတော့ အင်္ဂလန်သားကို ဘာကြောင့် ပွဲအစကတည်းက မသုံးခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဘာစီလိုနာဟာ ဂျပန်ကလပ်ကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပြီး ဖလစ်က ရက်ရှ်ဖို့ဒ်ကို ပွဲအစကတည်းက မသုံးခဲ့ခြင်းမှာ ကစားသမားဟာ လေ့ကျင့်ရေးအပြည့်အဝမဆင်းရသေးတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ရက်ရှ်ဖို့ဒ်အနေနဲ့ အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပြီး မိနစ် ၃၀ ခန့်သာကစားခဲ့ရပေမယ့် ဘာစီလိုနာပရိသတ်တွေရဲ့ အားပေးထောက်ခံမှု ကိုတော့ အပြည့်အဝရရှိခဲ့တာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယခုနွေရာသီမှာ ယူနိုက်တက်နဲ့လမ်းခွဲပြီး ဘာစီလိုနာသို့ တစ်ရာသီအငှားစာချုပ်နဲ့စတင်ပြောင်းရွှေ့ခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ချုပ်ဆိုခဲ့တဲ့ အငှားစာချုပ်အရ ရာသီကုန်မှာ ဘာစီလိုနာဟာ အင်္ဂလန်လက်ရွေးစင်ကို ပေါင် ၂၆ သန်းနဲ့ အပြီးသတ်ဝယ်ယူဖို့ သဘောတူညီထားပါတယ်။ ယခုပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်တစ်ယောက်ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဘာစီလိုနာအတွက်ဂိုးတွေကို အဲရစ်ဂါစီယာ၊ ဘာ့ဒ်ဂျီနဲ့ ဖာနန်ဒက်ဇ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ဟန်ဆီဖလစ်က "ရက်ရှ်ဖို့ဒ်က အသင်းရဲ့ကစားသမားတွေနောက် တစ်ပတ်လောက်နောက်ကျပြီးမှ လေ့ကျင့်ရေးဆင်းခဲ့ရပါတယ်။ ဒါကြောင့် သူ့ကိုဂရုစိုက်ဖို့ ကျွန်တော်တို့ ခဏပဲအသုံးပြုခဲ့တာပါ။ အရမ်းကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့သလို၊ အသင်းအတွက်ကောင်းမွန်တဲ့စမ်းသပ်ချက်လည်းဖြစ်ခဲ့ပါတယ်"
"ပွဲအစ မိနစ် ၃၀ အတွင်းမှာ ကျွန်တော်တို့ ကစားပုံအရမ်းကောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပွဲကို သက်တောင့်သက်သာမထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်းမှာ ပုံစံကောင်းပြရခဲ့လို့ ဒီပွဲကို ကျွန်တော်ကျေနပ်ပါတယ်။ သူတို့ရဲ့ကစားပုံက ကျွန်တော်တို့နဲ့ ပုံစံတူပြီး ဘောလုံးကိုင်ကစားတတ်တဲ့ အသင်းမျိုးပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့အသင်းပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဖလစ်ရဲ့ပြောစကားအရ ရက်ရှ်ဖို့ဒ်အနေနဲ့ ဘာစီလိုနာအသင်းမှာ အပြည့်အဝပါဝင်နိုင်ဖို့ လေ့ကျင့်ရေးလုပ်ငန်းတွေ အပြည့်အဝလုပ်ဆောင်သွားရတော့မှာဖြစ်ပါတယ်။ လာမယ့်ဇူလိုင်လ ၃၁ ရက်နေ့မှာတော့ ဘာစီလိုနာဟာ ကိုရီးယားကလပ် ဆိုးလ်အက်ဖ်စီနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်တစ်ယောက် စတင်ပွဲထွက်လာနိုင်မလား စောင့်ကြည့်ရပါမယ်။