
ဘယ်လင်ဟမ်ရဲ့ချေပဂိုးကို ခွင့်မပြုပေးခဲ့တဲ့ ကွင်းလယ်ဒိုင်နဲ့ VAR တို့အပေါ် ဟယ်ရီကိန်း ဝေဖန်ပြစ်တင်
သောမတ်စ်တူချယ်လက်အောက် ပထမဆုံးရှုံးနိမ့်မှုကြုံတွေ့ခဲ့ရတဲ့ပွဲစဉ်မှာ ဘယ်လင်ဟမ်ရဲ့နောက်ကျချေပဂိုးကို ပယ်ဖျက်ခဲ့ခြင်းအတွက် ဟယ်ရီကိန်း ဒေါသူပုန်ထပေါက်ကွဲခဲ့ပါတယ်။
အင်္ဂလန်အသင်း ၂-၁ ဂိုးဖြင့် ရှုံးနိမ့်နေချိန် ဘယ်လင်ဟမ်က ထောင့်ကန်ဘောမှတဆင့်ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံးအဆုံးသတ်ပြီး ချေပဂိုးသွင်းယူခဲ့ပါတယ်။
ဒါပေမဲ့ မကြာမီမှာပဲ VAR ရဲ့ကြားဖြတ်ဝင်ရောက်မှုဖြင့် ရီးရဲလ်မက်ဒရစ်စတားရဲ့သွင်းဂိုးကို လက်ထိဘောအဖြစ် သတ်မှတ်ကာ ပယ်ဖျက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ဆီနီဂေါက တတိယမြောက်ဂိုးသွင်းယူပြီး နော်တင်ဟမ်ဖောရက်စ်ရဲ့ စီးတီးဂရောင်းကွင်းမှာ သမိုင်းဝင်နိုင်ပွဲတစ်ခုကို ဖော်ဆောင်သွားခဲ့ပါတယ်။ ITV နဲ့တွေ့ဆုံချိန် ဟယ်ရီကိန်းက “ စည်းမျဉ်းတွေကိုသာ သိထားမယ်ဆိုရင် ဒါ လက်ထိဘော မဟုတ်ဘူးဆိုတာ သိလာပါလိမ့်မယ်။ ဒီဂိုးသာ ရရှိလိုက်မယ်ဆိုရင် ကျွန်တော်တို့တွေ ပွဲစဉ်ဆီ ပြန်လာနိုင်ပြီး အနိုင်ရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်သွားနိုင်ဖွယ်ရှိပါတယ်။ ဒါကြောင့် အခုအခြေအနေက အခိုက်အတန့်ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီအကြောင်းအရာကို ဆက်ဆွေးနွေးရပါဦးမယ်။
လုံလောက်တဲ့ကောင်းမွန်မှုမျိုးတော့ မရှိခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးဆုံးရှုံးချိန်မှာပါ အကောင်းဆုံးမစွမ်းဆောင်နိုင်သလို မှန်ကန်တဲ့ Tempo မျိုးကိုလည်း မရှာဖွေနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့မှာ ရှိခဲ့ဖူးတဲ့ စိတ်အားထက်သန်မှုမျိုးကို ကျွန်တော်တို့ ဆုံးရှုံးခဲ့ရပါတယ်။ ကျွန်တော်တို့အတွက် ထိတ်လန့်စရာအခြေအနေမျိုးမဟုတ်ပေမယ့် ဒီထက်ပိုကောင်းအောင် လုပ်ဖို့လိုပြီဆိုတာတော့ ကျွန်တော်တို့အားလုံး သိကြပါတယ်။ စိတ်ကူးသစ်၊ အကြံအစည်သစ်တွေနဲ့အတူ လက်ရွေးစင်အဆင့်အတွေ့အကြုံမရှိသေးတဲ့ ကစားသမားသစ်တွေလည်း အသင်းနဲ့ပူးပေါင်းလာနေပါပြီ။ ဒါကို လိုက်လျောညီထွေဖြစ်အောင် လုပ်နေရတယ်ဆိုပေမယ့် ဆင်ခြေပေးလို့မရပါဘူး။
ကျွန်တော်တို့ရဲ့ပုံစံကောင်းကို အမြန်ရှာတွေ့ဖို့ လိုနေပါပြီ။ ကမ္ဘာ့ဖလားပြိုင်ပွဲကလည်း အလျှင်အမြန်နဲ့ ရောက်ရှိလာနေပြီဖြစ်လို့ စခန်းသွင်းလေ့ကျင့်မှုတိုင်းဟာ တကယ့်ကို အရေးကြီးပါတယ်”လို့ ပြောပါတယ်။ အခုနိုင်ငံတကာသီတင်းပတ်အတွင်း တိုက်စစ်ဆင်မှုနှစ်ကြိမ်နဲ့အတူ ဟယ်ရီကိန်းက အင်္ဂလန်အသင်းအတွက် သူ့ရဲ့ ၇၃ ဂိုးမြောက်ကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူက ပြင်သစ်ကိုအရေးနိမ့်ခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်နောက်ပိုင်း အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ရှုံးပွဲတစ်ခုမှာ ပထမဆုံးအကြိမ်အဖြစ် အသင်းအတွက် ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။
အခုအချိန်မှာတော့ ဟယ်ရီကိန်းရဲ့အာရုံစူးစိုက်မှုတွေက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်တော့မယ့် ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိသွားပါလိမ့်မယ်။ ဒါပေမဲ့ လာမယ့်စက်တင်ဘာလအတွင်း အန်ဒိုရာ၊ ဆာဘီးယားတို့နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်တွေနဲ့အတူ နည်းပြတူချယ်အတွက် စဉ်းစားစရာတွေ အများကြီး ရှိလာခဲ့ပါပြီ။