
အာနိုးလ်ကိုယုံကြည်ဖို့ အလွန်ဆိုကို တိုက်တွန်းပြောကြားလိုက်တဲ့ တူချယ်လ်
အင်္ဂလန်လက်ရွေးစင်နည်းပြ သောမတ်စ်တူချယ်လ်က အသင်းရဲ့ညာနောက်ခံလူ ထရန့်အလက်ဇန်းဒါးအာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်မှာ နည်းပြဇာဘီအလွန်ဆိုရဲ့ယုံကြည်မှု ကို ရရှိဖို့လိုအပ်နေကြောင်း ထောက်ပြပြောဆိုလာခဲ့ပါတယ်။ အာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းပြသဖို့ရုန်းကန်နေရတာကြောင့် ယခုတစ်ခေါက် အင်္ဂလန်ရဲ့လူစာရင်းမှာလည်း ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ အင်္ဂလန်သားဟာ ဒန်နီကာဗာဂျယ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ဖို့အတွက် ယခုနွေရာသီမှာ လီဗာပူးမှထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ကစားသမားဟာ ဆန်တီယာဂိုဘာနေဗျူးမှာ ခြေစွမ်းပြသဖို့ရုန်းကန်နေရပြီး ကာဗာဂျယ်ကလည်း ဒဏ်ရာမှသက်သာကာ ပွဲထွက်လူစာရင်းထဲ ပြန်လည်ပါဝင်လာတာကြောင့် အာနိုးလ်အနေနဲ့ ပုံမှန်နေရာရဖို့ပါ အခက်တွေ့နေတာဖြစ်ပါတယ်။
ယခုအခါမှာတော့ တူချယ်လ်က အာနိုးလ်ဟာ အသင်းဖော်တွေနဲ့ နည်းပြထံမှ ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာကို လိုအပ်တဲ့ကစားသမားဖြစ်တာကြောင့် အလွန်ဆိုအနေနဲ့ ယုံကြည်မှုပေးဖို့လိုအပ်ကြောင်း ထောက်ပြပြောဆိုလာခဲ့ပါတယ်။ တူချယ်လ်က "ကျွန်တော်က အာနိုးလ်ရဲ့ပါရမီနဲ့ ကိုယ်ကျင့်တရားကိုလေးစားတဲ့သူတစ်ယောက်ပါ။ လူရွေးချယ်တဲ့နေရာမှာ ရှုပ်ထွေးမှုတွေရှိသလို၊ ပြိုင်ဆိုင်မှုတွေလည်းရှိတာကြောင့် ဆုံးဖြတ်ချက်ချရတာ ခက်ခဲပါတယ်။ ပထမဆုံးပြောချင်တာက အာနိုးလ်ဟာ အသင်းဖော်တွေနဲ့ အသင်းရဲ့မန်နေဂျာဆီကနေ ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုရရှိဖို့လိုအပ်တဲ့ ကစားသမားတစ်ယောက်ပါ။ ပြီးတော့ သူ့ရဲ့အသင်းနဲ့ ပရိသတ်တွေကလည်း သူ့ကိုယုံကြည်ဖို့လိုပါတယ်"
"လောလောဆယ်မှာတော့ အင်္ဂလန်ရဲ့ညာနောက်ခံနေရာမှာ ရီစီဂျိမ်းစ်ကို ဦးစားပေးရွေးချယ်ထားပါတယ်။ သူ့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကခြေစွမ်းနဲ့ ပြီးခဲ့တဲ့ စခန်းသွင်းလေ့ကျင့်ရေးအစီအစဉ်က စွမ်းဆောင်ရည်တွေကြောင့် အခုလိုရွေးချယ်ထားတာပါ" လို့ပြောကြားခဲ့ပါတယ်။
ဂျိမ်းစ်နဲ့ အာနိုးလ်တို့ဟာ ယခင်ကတည်းက အင်္ဂလန်အသင်းမှာနေရာအတွက် ပြိုင်ဆိုင်ခဲ့ကြသူတွေဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကလည်း အာနိုးလ်ထက် ဂျိမ်းစ်ကိုခေါ်ယူနိုင်ဖို့ အရင်ဆုံးကြိုးစားခဲ့တာဖြစ်ပါတယ်။ အာနိုးလ်အနေနဲ့ အင်္ဂလန်အသင်းမှာ နေရာရဖို့အတွက် ရီးရဲလ်မက်ဒရစ်မှာ အတတ်နိုင်ဆုံးကြိုးစားသွားရမှာဖြစ်ပြီး လာမယ့်အောက်တိုဘာလမှာတော့ အင်္ဂလန်အတွက် ပြန်လည်ကစားပေးနိုင်မလား စောင့်ကြည့်ရပါမယ်။