
နာပိုလီမှာ တိုမီနေးဘာကြောင့် ပိုမိုတိုးတက်လာသလဲ ရှင်းပြလိုက်တဲ့ ကွန်တီ
နာပိုလီနည်းပြ အန်တိုနီယိုကွန်တီက ပြီးခဲ့တဲ့နွေရာသီက မန်ချက်စတာယူနိုက်တက်မှ ဝယ်ယူထားခဲ့တဲ့ ကွင်းလယ်လူ စကော့မက်တိုမီနေးဟာ ဘာကြောင့် အသင်းမှာပိုမိုတိုးတက်လာသလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
ယူနိုက်တက်မှာ နေရာရဖို့ ရုန်းကန်ခဲ့ရတဲ့ တိုမီနေးဟာ ပြီးခဲ့တဲ့နွေရာသီက အိုးလ်ထရက်ဖို့ဒ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ နာပိုလီသို့ရောက်ရှိလာခဲ့ပါတယ်။ အီတလီသို့စတင်ရောက်ရှိကတည်းက အသက်-၂၈ နှစ်အရွယ်ကစားသမားဟာ ကွန်တီရဲ့လက်အောက်မှာ လျင်လျင်မြန်မြန်တိုးတက်လာခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။
ပီအက်စ်ဂျီသို့ အသင်းရဲ့အားထားရတဲ့ တောင်ပံကစားသမား ခဗာရက်စ်ခီလီယာပြောင်းရွှေ့သွားပြီးနောက်မှာ နာပိုလီအနေနဲ့ တိုက်စစ်ပိုင်းအတွက် ဂိုးသွင်းနိုင်မယ့် ကစားသမားမျိုး လိုအပ်ခဲ့ပါတယ်။ ယခုအခါမှာတော့ အဆိုပါတာဝန်ကို တိုမီနေးက ပခုံးပြောင်းလွှဲယူခဲ့ပြီး သွင်းဂိုးတွေနဲ့ အသင်းကို ကူညီထားနိုင်တာဖြစ်ပါတယ်။ စကော့တလန်လက်ရွေးစင်ဟာ ဒီရာသီ စီးရီးအေမှာ ၁၁ ဂိုးအထိသွင်းယူထားနိုင်ပါတယ်။
လက်ချီနဲ့ပွဲစဉ်မတိုင်မီမှာ တိုမီနေးရဲ့ ခြေစွမ်းတိုးတက်လာမှုနဲ့ပတ်သက်ပြီး ကွန်တီက "တိုမီနေးဟာ ယူနိုက်တက်ကနေ ပြောင်းရွှေ့လာတုန်းကထက် အခုချိန်မှာပိုကောင်းလာပါတယ်။ သူရဲ့အသက်အရွယ်နဲ့အလိုက် အသင်းအတွက် အရေးပါတဲ့အခန်းကဏ္ဍမှာလည်း ပါဝင်နေပါပြီ။ ယူနိုက်တက်မှာတုန်းက သူဟာ အဓိက ကစားသမားနေရာကို မရခဲ့ဖူးပါဘူး။ အခုချိန်မှာတော့ အလုပ်ကြိုးစားမှုနဲ့အတူ အသင်းအတွက် အဓိက ကစားသမားတစ်ယောက်လို ကစားနေပါပြီ။ ကျွန်တော်တို့ သူ့ကို သာအားသာတဲ့နေရာမှာထားပြီး ကစားခိုင်းခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ကနေ ယခုရာသီအစောပိုင်းမှာ ထွက်ခွာခဲ့တဲ့ နည်းပြဟောင်း အဲရစ်တန်ဟက်ကလည်း တိုမီနေးကိုရောင်းချခဲ့တဲ့ ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာနိုင်ဖို့ စကော့တလန်သားကို မဖြစ်မနေရောင်းချခဲ့ရတာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ နာပိုလီဟာ စီးရီးအေအမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်ထားနိုင်တာကြောင့် ရာသီကုန်မှာ ဆုဖလားကို ဆွတ်ခူးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။