
လီဗာပူးဆီ အီဆက်ခ်ရောက်ရှိလာမှုအပေါ် ပွင့်ပွင့်လင်းလင်းမှတ်ချက်ပေးသွားတဲ့ အီကီတီကီ
ဟူဂိုအီကီတီက လီဗာပူးမှာ အီဆက်ခ်နဲ့အတူ တွဲဖက်ကစားရမယ့်အရေးကို အားရကျေနပ်နေပြီး အခုဘောလုံးရာသီမှာ သူ့ရဲ့ခြေစွမ်းတွေကို သက်သေပြကာ အန်းစလော့အတွက် လူရွေးချယ်မှု ပိုင်းဆိုင်ရာ ခေါင်းကိုက်စေမယ့်ကိစ္စရပ်တစ်ခု ဖန်တီးသွားဖို့ မျှော်လင့်နေပါတယ်။
အသက်-၂၃ နှစ်အရွယ်ပြင်သစ်တိုက်စစ်မှူးက ဇူလိုင်လအတွင်း ဖရန့်ဖတ်မှ အန်ဖီးလ်ဆီ ပေါင် ၇၉ သန်းတန် သဘောတူညီမှုတစ်ခုဖြင့် ရောက်ရှိလာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံတွေရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးအသုံးပြုမှုနှစ်ခုအပါအဝင် ကစားသမားသစ်ခုနစ်ဦးစုဆောင်းမှုအနက် အီကီတီကီကိုယ်တိုင်လည်း ပါဝင်ခဲ့ပါတယ်။
မာဆေးဆိုဒ်မှာ ခြောက်နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးပြီးနောက် ယမန်နှစ်ဘောလုံးရာသီ၊ ဖရန့်ဖတ်အတွက် ၂၂ ဂိုးသွင်းယူပေးခဲ့တဲ့ အီကီတီကီက အန်းစလော့ရဲ့တိုက်စစ်ပိုင်းမှာ အရေးပါသူတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။
အခုဘောလုံးရာသီ၊ လီဗာပူးအသင်းရဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်သုံးခုမှာ အီကီတီကီပွဲထွက်ခဲ့မှုနဲ့အတူ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အီဆက်ခ်ရောက်ရှိလာမှုက လာမယ့်သီတင်းပတ်ကုန်၊ ဘန်လေနဲ့အဝေးကွင်းပွဲစဉ်အတွက် အန်းစလော့ကိုယ်တိုင် ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်သွားရဖို့ ဖြစ်လာစေပါတယ်။
ဒါပေမဲ့ အီကီတီကီကိုယ်တိုင်ကတော့ အီဆက်ခ်အပါအဝင် အခြားလီဗာပူးတိုက်စစ်မှူးတွေနဲ့အတူ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရမယ့်အခွင့်အရေးကို နှစ်သက်မိတယ်လို့ တနင်္ဂနွေနေ့၊ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အီဆက်ခ်ရဲ့စံချိန်တင်အပြောင်းအရွှေ့အကြောင်း မေးမြန်းချိန် အီကီတီကီက “ ပျော်စရာကောင်းပါတယ်။ အကောင်းဆုံးအသင်းတွေအတွက် ပါဝင်ကစားပေးချိန်မှာ အကောင်းဆုံးကစားသမားတွေနဲ့ ယှဉ်ပြိုင်သွားရမယ်ဆိုတာကို မျှော်လင့်ထားရပါမယ်။
အီဆက်ခ်ဆိုတာ ကျွန်တော်ကိုယ်တိုင်စောင့်ကြည့်ခဲ့ဖူးတဲ့ ကစားသမားပါ။ ဒါကြောင့် သူရောက်ရှိလာမှုအတွက် ဝမ်းသာမိပါတယ်။ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်မှုက အတော်လေးပြင်းထန်လာပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်ရဲ့စွမ်းဆောင်ရည်ကောင်းမွန်နေဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။ ဒါကြောင့် ဒီကိစ္စက နည်းပြအတွက်ပဲ ပြဿနာတစ်ရပ် ဖြစ်လာပါလိမ့်မယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
အလားတူ အီကီတီကီက လီဗာပူးလိုကလပ်အသင်းကြီးတစ်ခုမှာ ကစားနေရချိန် ထပ်တူပေါ်ထွက်လာတဲ့ ဖိအားတွေနဲ့ စိစစ်ခံရမှုတွေကို နှစ်သက်နေပြန်ပါတယ်။ သူက “ ကျွန်တော့်ရဲ့ဘ၀ သိသိသာသာ ပြောင်းလဲသွားခဲ့ပါပြီ။ ဒါက ကြီးမားတဲ့လှုပ်ရှားမှုတစ်ခုဖြစ်သလို ကျွန်တော့်အပေါ် အကြိမ်ပေါင်းများစွာ စောင့်ကြည့်ခံနေရပေမဲ့ အပြုသဘောဆောင်တယ်လို့ပဲ ယူဆထားပါတယ်။ တကယ်ကောင်းပါတယ်။ ဒါက ကျွန်တော်ဖြစ်ချင်တဲ့ ပုံစံမျိုးပါပဲ။ ဒီလိုစံနှုန်းမျိုးတွေရှိလာချိန် ကိုယ်ကိုယ်တိုင်က ဒီနေရာမှာရှိနေတယ်ဆိုတာနဲ့ ကိုယ့်ရဲ့ပုံစံကောင်းကို ဆက်လက်ပြသသွားနိုင်ဖို့သာ လိုအပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်လိုချင်တဲ့၊ ကျွန်တော်ကြိုက်နှစ်သက်တဲ့ အခြေအနေမျိုးဆိုတာ ဒါပါပဲ”လို့ ပြောပါတယ်။