The network connection is lost.

Banner Image

ဖာနန်ဒက်စ်၊ ရော်နယ်ဒိုနဲ့ အိုဆီမင်တို့ကို ဘာကြောင့်မခေါ်ယူနိုင်ခဲ့သလဲ ရှင်းပြလာတဲ့ အယ်လ်ဟီလယ်

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ရဲ့ဥက္ကဌ ဖာဟတ်ဘင်နာဖယ်က အသင်းအနေနဲ့ အပြောင်းအရွှေ့ကာလအတွင်း ကြီးမားတဲ့ကစားသမားခေါ်ယူမှုတွေ ဘာကြောင့်မပြုလုပ်နိုင်ခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။  ဘင်နာဖယ်က အသင်းဟာ ခရစ္စတီယာနိုရော်နယ်ဒိုအပါဝင် ဥရောပထိပ်သီးကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပေမယ့် ကစားသမားတွေနဲ့ သူတို့ရဲ့ကလပ်တွေမှ မြင့်မားလွန်းတဲ့ တောင်းဆိုမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ 

ချန်ပီယံလိဂ်ဆုဖလားကို လောလောလတ်လတ်ဆုံးရှုံးထားခဲ့တဲ့ အင်တာမီလန်နည်းပြ အင်ဇာဂီကို ခေါ်ယူနိုင်ခဲ့ပေမယ့် အယ်လ်ဟီလယ်ဟာ အေစီမီလန်ကွင်းလယ်လူ သီယိုဟာနန်ဒက်ဇ်၊ နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမင်နဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်တို့ကိုတော့ ခေါ်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် ဆော်ဒီကလပ်ဟာ ပြိုင်ဘက် အယ်လ်နာဆာရဲ့စူပါစတား ခရစ္စတီယာနိုရော်နယ်ဒိုကိုလည်း ကလပ်မ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဆွဲဆောင်ခဲ့ပေမယ့် ခေါ်ယူဖို့ကျရှုံးခဲ့ပါတယ်။ 

ယခုအခါမှာ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာ ဘင်နာဖယ်က "ကျွန်တော်တို့ ကစားသမားတွေအများကြီးနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကတော့ နွေရာသီအားလပ်ရက်မှာ ခရီးထွက်ဖို့ပဲဆန္ဒရှိနေကြပါတယ်။ ကလပ်ကမ္ဘာ့ဖလားမတိုင်ခင်မှာပဲ ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် သူတို့ဘက်က မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် အကောင်းဆုံးနည်းပြကိုတော့ အရခေါ်နိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အယ်လ်ဟီလယ်အနေနဲ့ ပုံရိပ်မြင့်ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိလို့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို နည်းပြအင်ဇာဂီနဲ့ပဲ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ပြိုင်ပွဲအပြီးမှာတော့ ဆော်ဒီကလပ်အနေနဲ့ ကစားသမားသစ်တွေထပ်မံခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာဖွယ်ရှိပြီး လောလောဆယ်မှာတော့ ကလပ်ကမ္ဘာ့ဖလားမှာ ဘယ်အဆင့်အထိတက်ရာက်နိုင်မလဲ စောင့်ကြည့်ရပါမယ်။