The network connection is lost.

Banner Image

ဆုဖလားတွေအတွက်တိုက်ပွဲဝင်ဖို့ အင်တာမီယာမီနဲ့ချိတ်ဆက်ခဲ့တာဖြစ်တယ်လို့ ဆိုလိုက်တဲ့ ဒီပေါလ်

အင်တာမီယာမီရဲ့ကွင်းလယ်လူသစ် ရိုဒီရီဂိုဒီပေါလ်က သူ့အနေနဲ့ အက်သလက်တီကိုမှထွက်ခွာပြီး မီယာမီသို့ပြောင်းရွှေ့ခဲ့ခြင်းမှာ ဆုဖလားတွေအတွက် တိုက်ပွဲဝင်ဖို့ဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ဟာ မီယာမီသို့စတင်ရောက်ရှိချိန်မှာပဲ ကစားဖို့အဆင်သင့်ဖြစ်နေကြောင်း သက်သေပြခဲ့ပြီး အက်တလက်စ်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ ပွဲထွက်ပါဝင်ခဲ့ပါတယ်။ ဒီပေါလ်ဟာ အဆိုပါပွဲစဉ်မှာ မိနစ် ၉၀ အပြည့်ပါဝင်ကစားခဲ့တာဖြစ်ပြီး ယခုအခါမှာ အသင်းဖော်တွေရဲ့ နွေးထွေးတဲ့ကြိုဆိုမှု ကို ကျေးဇူးတင်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ကွင်းလယ်လူက "အသင်းဖော်သစ်တွေကျွန်တော့်ကိုကြိုဆိုပုံက မယုံနိုင်စရာပါပဲ။ ဒီအသင်းမှာ ကျွန်တော်နဲ့ရင်းနှီးတဲ့လူတွေရှိပြီးသားပါ။ ကျွန်တော်နဲ့ လက်ရွေးစင်အသင်းမှာအတူတူကစားနေတဲ့ လီယွန်နယ်မက်ဆီတို့၊ အက်သလက်တီကိုမှာအတူတူကစားခဲ့တဲ့ လူးဝစ်ဆွာရက်ဇ်တို့ ရှိနေပါတယ်။ ကျွန်တော့်အနေနဲ့ နည်းပြအလိုရှိတဲ့ပုံစံအတိုင်း အသင်းကိုကူညီဖို့ကြိုးစားသွားပါမယ်"

"ဒီမှာ ကျွန်တော်နေရတာ သက်တောင့်သက်သာဖြစ်ပြီး ပျော်ပါတယ်။ ဒီအသင်းနဲ့အတူ ပွဲစဉ်တိုင်းကိုအနိုင်ရဖို့လည်း ကြိုးစားသွားပါမယ်။ ဒီအသင်းပေါ်မှာ ကျွန်တော်ယုံကြည်ချက်အပြည့်ရှိပါတယ်။ ကျွန်တော်ဒီကိုရောက်လာတာ ဆုဖလားတွေအတွက် တိုက်ပွဲဝင်ဖို့ပါ။ ပြီးတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့လည်း တွဲဖက်ကစားဖို့ပေါ့။ အင်တာမီယာမီရဲ့ ပရိသတ်အင်အားက တဖြည်းဖြည်းတိုးတက်လာနေပါတယ်။ ဒီအသင်းရဲ့အစိတ်အပိုင်းဖြစ်လာချင်ပါတယ်။ ဒီအသင်းရဲ့သမိုင်းမှာ ကျွန်တော်ကအရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ် ပေါ်ထွက်လာဖို့ ရည်ရွယ်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဒီပေါလ်ဟာ ကြာသပတေးနေ့က အက်တလက်စ်နဲ့ပွဲစဉ်မှာ သူ့ရဲ့ထိပ်တန်းခြေစွမ်းနဲ့ ဦးဆောင်နိုင်စွမ်းကို ပြသနိုင်ခဲ့ပြီး ပွဲဦးထွက်မှာပဲ ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ အာဂျင်တီးနားသားဟာ ဘောလုံးပေးပို့မှု ၅၈ ကြိမ်ပြုလုပ်ခဲ့ရာ ၅၄ ကြိမ်အထိတိကျခဲ့ပြီး ဘောလုံးဆယ်ယူမှု ၈ ကြိမ်နဲ့ ဘောလုံးဖျက်ထုတ်မှု ၃ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။ 
လာမယ့်တနင်္ဂနွေနေ့မှာတော့ အင်တာမီယာမီဟာ နောက်ထပ်လိဂ်ဖလားပွဲစဉ်အဖြစ် အတ္တလန္တာကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရထားတဲ့ နီကာဇာနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။