
လိဂ်ဖလားဗိုလ်လုပွဲမှာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ဆွာရက်ဇ် ၆ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ
အင်တာမီယာမီတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ ဆီယက်တဲလ်ဆောင်းဒါးစ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲအပြီးမှာ ပြိုင်ဘက်အသင်းမှဝန်ထမ်းတွေနဲ့ အချင်းများပြီး ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ၆ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
လိဂ်ဖလားစည်းကမ်းပိုင်းဆိုင်ရာ ကော်မတီအဖွဲ့က ဆွာရက်ဇ်ကို အခုလိုပဲ ကာလရှည်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သလို ရန်ပွဲအတွင်းပါဝင်ခဲ့တဲ့ ဆာဂျီယိုဘက်စ်ကွက်စ်နဲ့ ဆီယက်တဲလ်လက်ထောက်နည်းပြ စတီဗင်လင်ဟတ်တို့ကိုလည်း အရေးယူမှုတွေအသီးသီးပြုလုပ်ခဲ့ပါတယ်။ ကော်မတီရဲ့ဆုံးဖြတ်ချက်အရ ဘက်စ်ကွက်စ်ဟာ ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး လင်ဟတ်ကတော့ ၅ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
ယခုပြစ်ဒဏ်တွေဟာ လိဂ်ဖလားပြိုင်ပွဲမှာပဲ အကျုံးဝင်မှာဖြစ်လို့ ဆွာရက်ဇ်နဲ့ ဘက်စ်ကွက်စ်တို့ဟာ မေဂျာလိဂ်အမှတ်ပေးပြိုင်ပွဲမှာတော့ ပုံမှန်အတိုင်းပဲ ဆက်လက်ကစားခွင့်ရသွားမှာဖြစ်ပါတယ်။ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရသူ အားလုံးဟာ သတ်မှတ်ထားတဲ့ ဒဏ်ကြေးငွေတွေကိုလည်း ပေးဆောင်သွားရမယ်လို့သိရပါတယ်။
ဆွာရက်ဇ်နဲ့ ဘက်စ်ကွက်စ်တို့ဟာ ယခုနှစ်မေဂျာလိဂ်ရာသီကုန်မှာ အင်တာမီယာမီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ကစားသမားဘဝမှ အနားယူသွားဖွယ်ရှိနေလို့ ပွဲပယ်ပြစ်ဒဏ်တွေကိုတော့ ခံယူသွားရဖို့မရှိဘူးလို့လည်း သတင်းတွေကဆိုပါတယ်။
ဆွာရက်ဇ်ဟာ ၂၀၁၃ ခုနှစ်ကလည်း ပရီးမီးယားလိဂ်မှာ လီဗာပူးအတွက်ကစားရင်း ချဲလ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်ကို သွားနဲ့ကိုက်ခဲ့တာကြောင့် ၁၀ ပွဲအထိ ပယ်ခံခဲ့ရဖူးပြီး ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဥရုဂွေးသားဟာ အီတလီနောက်ခံလူ ချီလီနီကို သွားနဲ့ကိုက်ခဲ့လို့ နိုင်ငံတကာပွဲစဉ် ၉ ပွဲအထိ ပယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ကစားသမားဟာ ယူနိုက်တက်နောက်ခံလူ ပက်ထရစ်အီဗရာကို လူမျိုးရေးခွဲခြားခဲ့တာကြောင့် ၈ ပွဲပယ်ခံခဲ့ရပါသေးတယ်။
လက်ရှိအချိန်မှာတော့ နိုင်ငံတကာပွဲစဉ်တွေကစားနေတာကြောင့် ဆွာရက်ဇ်နဲ့ ဘက်စ်ကွက်စ်တို့ အနားရနေပြီး လာမယ့်အပတ်မှသာ မေဂျာလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်သွားမှာဖြစ်ပါတယ်။