နက်ရှ်ဗီလီနဲ့ပွဲအတွက် မက်ဆီအဆင်သင့်ဖြစ်နေပြီလို့ မာရှေးယာနို အတည်ပြု
အင်တာမိုင်ယာမီနည်းပြ မာရှေးယာနိုက သောကြာနေ့မှာကန်မယ့် မေဂျာလိဂ်ခြေစစ်ပွဲအဖြစ် နက်ရှ်ဗီလီနဲ့ကန်မယ့်ပွဲအတွက် မက်ဆီတစ်ယောက် အဆင်သင့်ဖြစ်နေပြီလို့ အတည်ပြု လိုက်ပါတယ်။ အခုအပတ်လေ့ကျင့်ခန်းအစီအစဉ်အတွင်း နောက်ကျောဒဏ်ရာကြောင့် စိုးရိမ်မှုတွေမြင့်တက်ခဲ့ပေမယ့် မာရှေးယာနိုက မက်ဆီဟာ လေ့ကျင့်ခန်းအပြည့်အဝဆင်းခဲ့ပြီလို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။
အင်္ဂါနေ့တုန်းက မက်ဆီတစ်ယောက် လေ့ကျင့်ခန်းအစီအစဉ်မှာမပါဝင်ခဲ့တာနဲ့ပတ်သက်ပြီး ရှင်းပြလိုက်ပါတယ်။ “တနင်္လာနေ့တုန်းက သူလေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ ဒါပေမယ့် နောက်ကျောကနေ အနည်းငယ်နာကျင်လာတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အင်္ဂါနေ့လေ့ကျင့်ခန်းအစီအစဉ်မှာ မပါဝင်ခဲ့တာပါ။ မနေ့ကတုန်းက သူသာမန်အတိုင်းလေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ သူ့အခြေအနေက အဆင်ပြေသလို လာမယ့်ပွဲအတွက် မိနစ် ၉၀ ပြည့်ပါဝင်ကစားဖို့အသင့်ဖြစ်နေပါပြီ”လို့ မာရှေးယာနိုက ပြောကြားခဲ့ပါတယ်။
မာရှေးယာနိုက အသင်းလူအင်အားအပြည့်ဖြစ်နိုင်ဖို့ လုပ်ဆောင်နေပြီး သောကြာနေ့ပွဲအပြီး ဒုတိယအကျော့ပွဲကို နိုဝင်ဘာ ၁ ရက်နေ့မှာ ကစားမှာဖြစ်ကာ ၂ သင်းစလုံးအနားရမှာဖြစ်ပါတယ်။ အာဂျင်တီးနားယူ - ၂၀ ကမ္ဘာ့ဖလားသွားရောက်ကစားခဲ့တဲ့ ဆဲလ်ဗက်တီလည်း အသင်းထံ ပြန်လာခဲ့ပြီဖြစ်ကာ အသင်းဘက်က နွေးထွေးစွာကြိုဆိုကြောင်း ပြောကြားလိုက်ပါတယ်။
“သူတို့ ကျွန်တော့်ကို ချီးကျူးကြပါတယ်။ ဂုဏ်လည်းပြုကြပါတယ်။ ကျွန်တော်အသင်းထံပြန်လာရတာ တကယ်ပျော်ပါတယ်။ အခုတော့ အသင်းနဲ့အတူ အပြည့်အဝအာရုံစိုက်တော့မှာပါ”လို့ ဆဲလ်ဗက်တီက ပြောကြားခဲ့ပါတယ်။ အခုပြိုင်ပွဲက ဘက်စ်ကွက် နဲ့ အယ်လ်ဘာတို့အတွက် နောက်ဆုံးပရော်ဖက်ရှင်နယ်ပွဲဖြစ်လာနိုင်ပြီး ရာသီအကုန်မှာ ၂ ဦးစလုံးက အနားယူတော့မှာဖြစ်ပါတယ်။
ဘက်စ်ကွက်ကတော့ မနှစ်ကတုန်းက ခြေစစ်ပွဲအတွင်း ဂိုးဖန်တီးမှုမပြုလုပ်နိုင်ခဲ့ပေမယ့် အယ်လ်ဘာကတော့ ၃ ပွဲမှာ ၁ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အင်တာမိုင်ယာမီဟာ လာမယ့်သောကြာနေ့မှာ ပထမဆုံးအိမ်ကွင်းခြေစစ်ပွဲအဖြစ် နက်ရှ်ဗီလီအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။