
ဘက်စ်ကွက်အနားယူမယ်လို့ ကြေညာတာက အပိုစိတ်ခွန်အားပေးစွမ်းနိုင်တယ်လို့ မာရှေးယာနို ပြောကြား
အင်တာမိုင်ယာမီနည်းပြ မာရှေးယာနိုက ဘက်စ်ကွက်အနားယူမယ်လို့ ကြေညာတာက အသင်းအတွက် အပိုစိတ်ခွန်အားပေးစွမ်းနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ စပိန်သားအနေနဲ့ ကစားသမားဘဝပြီးဆုံးခါနီးပြီဖြစ်တဲ့အတွက် ရာသီပိတ်ကို အကောင်းဆုံးဖြတ်သန်းဖွယ်ရှိနေပါတယ်။ အင်တာမိုင်ယာမီဟာ စနေနေ့မှာ တိုရွန်တိုအသင်းကန်ရမှာဖြစ်ပြီး အဆင့်ရပ်တည်မှုအတွက် တွန်းအားတစ်ခုဖြစ်လာနိုင်ပါတယ်။
မာရှေးယာနိုက ဘက်ကွက်နဲ့ စကားပြောဆိုခဲ့တဲ့အသေးစိတ်ကို ထုတ်ဖော်ပြောကြားခဲ့သလို အနားယူတော့မှာဖြစ်ပြီး အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ “သူ(ဘက်စ်ကွက်) မနေ့က ကျွန်တော့်ကိုပြောပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက သူအနားယူမယ့်အကြောင်း စဉ်းစားခဲ့တယ်ဆိုတာကိုပေါ့။ အဲ့တာက ရှက်စရာပါ။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ ဆက်ကစားနိုင်တဲ့အနေအထားရှိနေပါသေးတယ်။ သူငယ်ချင်းတစ်ဦးအနေနဲ့ အခုအခြေအနေကိုဖြတ်ကျော်နေချိန်မှာ ခင်ဗျားလုပ်ပေးနိုင်တာက သူ့ကိုအားပေးပြီး သူ့အတွေးကို နားထောင်ပေးတာပါ။ ဘူဆီက သူ့ဆုံးဖြတ်ချက်ကို အတည်ပြုပြီးပါပြီ”လို့ မာရှေးယာနိုက ပြောကြားခဲ့ပါတယ်။
မာရှေးယာနိုက ဘက်စ်ကွက်ရဲ့ဘောလုံးဦးနှောက်ကို ချီးကျူးခဲ့သလို အနာဂတ်မှာ သူဆက်လုပ်နိုင်တာကိုလည်း ပြောပြခဲ့ပါတယ်။ “ဘူဆီက နည်းပြလောကထဲဝင်ရောက်ဖို့ရှိနေပါတယ်။ ဘယ်အချိန်လဲ ၊ ဘယ်လိုလဲ ၊ ဘယ်နေရာလဲဆိုတာကတော့ သူ့အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော် သူအိမ်ပြန်မလား ဒါမှမဟုတ် မိုင်ယာမီမှာဆက်နေမလားဆိုတာ စကားမပြောရသေးပါဘူး။ အတိတ်ကာလနှစ်တွေက တကယ့်ကိုထူးရှယ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် သူနဲ့အတူ ၈ ရာသီလောက်ဖြတ်သန်းခွင့်ရခဲ့တာက ကံကောင်းပါတယ်။ ကျွန်တော်ရောက်လာချိန်မှာ သူနဲ့အတူ တူညီတဲ့နေရာမှာ ကစားခဲ့ရတာပါ။
ဒါပေမယ့် သူကပွဲထွက်ကစားသမားဆိုတာ ကျွန်တော်အမြဲတမ်းသိနေခဲ့ပါတယ်။ အစောပိုင်းနေ့တွေမှာ သူကအများကြီးကူညီပေးခဲ့ပါတယ်။ ဘက်စ်ကွက်ဆီကနေရလိုက်တဲ့အတွေ့အကြုံက တကယ်အဖိုးတန်သလို မမေ့နိုင်စရာပါ။ သူအနားယူမယ်လို့ ကြေညာတာက အသင်းအတွက် အပိုစိတ်ခွန်အားဖြစ်စေနိုင်ပါတယ်။ အဲ့တာကလည်း ဘူဆီရဲ့ကစားသမားဘ၀ အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ အကူအညီဖြစ်စေနိုင်ပါတယ်။ အသင်းက စိန်ခေါ်မှုတွေကိုဖြတ်သန်းနေရတာဖြစ်ပြီး အဲ့တာက အနိုင်ရတဲ့သူတွေ ပြိုင်ဆိုင်သူတွေနဲ့ပြည့်နေပါတယ်”လို့ မာရှေးယာနိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။
တီလာစကိုကတော့ သူ့အနေနဲ့ ဘက်စ်ကွက်အနားယူမယ်ဆိုတာကို အံ့အားသင့်ခဲ့ကြောင်း နဲ့ မသိရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကလေးဘဝတုန်းက ဘာစီလိုနာမှာ သူကစားတာကိုကြည့်ရင်း အတူတူကစားခွင့်ရဖို့ စိတ်ကူးယဉ်ခဲ့မိကြောင်း ပြောကြားခဲ့ပါတယ်။ မာရှေးယာနိုရဲ့အင်တာမိုင်ယာမီဟာ သောကြာနေ့မှာ ကနေဒါကို သွားရောက်ကာ တိုရွန်တိုအသင်းနဲ့ ကစားမှာဖြစ်ပါတယ်။