The network connection is lost.

Banner Image

ဂွါဒီယိုလာက သူ့ကို အမှိုက်သရိုက်လိုဆက်ဆံခဲ့တယ်လို့ ဖွင့်ဟလာတဲ့ ယာယာတိုရေး

မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့်ဟောင်း ယာယာတိုရေးက သူဟာ ဘာစီလိုနာမှာကစားစဉ်က နည်းပြ ပက်ဂွါဒီယိုလာဟာ သူ့ကို အမှိုက်သရိုက်လို မလေးမစားဆက်ဆံခံခဲ့ရတယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ဘာစီလိုနာကိုကိုင်တွယ်စဉ်က ဆာဂျီယိုဘက်စ်ကွက်စ်ကို နေရာပေးလိုတာကြောင့် ယာယာတိုရေးကို အသင်းမှာပွဲထွက်ခွင့်မပြုခဲ့ဘဲ နောက်ဆုံးမှာ မန်စီးတီးသို့ပြောင်းရွှေ့ဖို့ တွန်းအားပေးခဲ့လို့ သူတို့ ၂ ဦးအကြားဆက်ဆံရေးဟာ အတော်လေးအဆင်မပြေဖြစ်ခဲ့ပါတယ်။ 

ထို့နောက် ၂၀၁၆ ခုနှစ်မှာ ဂွါဒီယိုလာဟာ မန်စီးတီးသို့ရောက်ရှိလာခဲ့ပြီး ယာယာတိုရေးနဲ့ပြန်လည်ဆုံတွေ့ခဲ့ရာမှာလည်း ကစားသမားကိုအရန်ခုံပို့ခဲ့ကာ ကစားခွင့်မပြုခဲ့တာကြောင့် ယာယာတိုရေးဘက်ကနေ ဒေါသတကြီးဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ယခုအခါမှာ ZACK YouTube ချန်နယ်နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ယာယာတိုရေးက ဂွါဒီယိုလာကသူ့ကို အမှိုက်လိုဆက်ဆံခဲ့ကြောင်းနဲ့ သူကိုယ်တိုင်ကလည်း ဂွါဒီယိုလာကို မြွေတစ်ကောင်လို့သာ မြင်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

အိုင်ဗရီကို့စ်လက်ရွေးစင်‌ဟောင်းက "ကျွန်တော် ဂွါဒီယိုလာကို လူလို့မမြင်ဘဲ မြွေတစ်ကောင်လို့သာမြင်ခဲ့ပါတယ်။ သူကျွန်တော့်ကို နေရာမပေးခဲ့ဘဲနဲ့ အသင်းကနေထွက်ခွာနီးမှ ဘာစီလိုနာက သူ့ကိုလိုအပ်နေတယ်ဆိုပြီး ကျွန်တော့်ကိုဖုန်းခေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ဇနီးက သူဟာ ကျွန်တော့်ကို အမှိုက်သရိုက်လိုဆက်ဆံခဲ့တဲ့အကြောင်းပြောပြီး မန်ချက်စတာကိုသွားဖို့ပဲ တိုက်တွန်းခဲ့ပါတယ်"

"ဂွါဒီယိုလာက ကျွန်တော့်ကို ၁ နှစ်တောင်ဘောလုံးကစားခွင့်မပြုခဲ့ပါဘူး။ နှစ်ကုန် ၂၀၁၀ ကမ္ဘာ့ဖလားမှာ ကျွန်တော်အရမ်းကောင်းခဲ့တော့ သူက ကျွန်တော့်ကို ဘာစီလိုနာအတွက်ကစားစေချင်ခဲ့ပါတယ်။ ကျွန်တော့်ဇနီးက သူဟာ လူတစ်ယောက်မဟုတ်ကြောင်းနဲ့ ကောက်ကျစ်တတ်သူဖြစ်ကြောင်း ကျွန်တော့်ကိုပြောခဲ့ပါတယ်။ သူမက သူ့ကို မကောင်းတဲ့လူတစ်ယောက်လို့ အခုထိမြင်နေတုန်းပါ" လို့ပြောကြားခဲ့ပါတယ်။