
ပါးမားပဲ့ကိုင်ရှင် ချီဗူးကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ အင်တာမီလန်
ချန်ပီယံလိဂ်ဒုတိယဆုရှင်အင်တာမီလန်က ပါးမားနည်းပြချီဗူးကို အသင်းမှာ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် ခန့်အပ်ခဲ့ပါတယ်။ အသက်-၄၄ နှစ်အရွယ်နောက်တန်းကစားသမားဟောင်းက အင်တာမီလန်မှာ လူငယ်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပြီး ပါးမားကို ၁၃ ပွဲသာ ကိုင်တွယ်ကာ ဆီမြွန်နီအင်ဇာဂီနေရာအစားထိုးဖို့ ထွက်ခွာလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း ပါးမားက ရိုမေးနီးယားလက်ရွေးစင်ဟောင်းကို စီနီယာနည်းပြဘဝအတွေ့အကြုံ ရရှိအောင် တာဝန်ပေးအပ်ခဲ့ပြီး ချီဗူးလက်အောက်မှာ ပါးမားက နိုင်ပွဲသုံးပွဲနဲ့အတူ စီးရီးအေတန်းဆင်းဇုန်အန္တရာယ်လွတ်ကင်းအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဆီမြွန်နီအင်ဇာဂီကတော့ ပီအက်စ်ဂျီကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး အင်တာမီလန်မှ ထွက်ခွာကာ ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်ဟီလယ်နည်းပြရာထူးကို လက်ခံခဲ့ပါတယ်။
၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ချီဗူးက အင်တာမီလန်ကစားသမားဘ၀ ခုနစ်နှစ်တာကာလအတွင်း စီးရီးအေချန်ပီယံဆုသုံးကြိမ်တိုင် ရရှိခဲ့ပါတယ်။ ချီဗူးက အင်တာမီလန်ကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း တာဝန်ယူကိုင်တွယ်သွားပါလိမ့်မယ်။ သူတို့တွေရဲ့ကလပ်ကမ္ဘာ့ဖလားခရီးစဉ်ကို ဇွန် ၁၇ ရက်၊ မက္ကဆီကိုကလပ် မွန်တာရေးနဲ့ယှဉ်ပြိုင်ကစားပြီး စတင်သွားပါလိမ့်မယ်။