
လတ်တလောကျဆင်းမှုတွေကြောင့် ဖြစ်ပေါ်တိုးတက်ခဲ့မှုတွေကို မျက်ကွယ်မပြုသင့်ဘူးလို့ ပြောဆိုလာတဲ့ ဆီမြွန်နီအင်ဇာဂီ
အင်တာမီလန်ရဲ့ လတ်တလောဆုတ်ယုတ်ကျဆင်းမှုတွေကြောင့် လွန်ခဲ့တဲ့လေးနှစ်တာကာလ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုတွေကို ချေဖျက်ပစ်လိုက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ နည်းပြအင်ဇာဂီ ယုံကြည်နေပါတယ်။ အင်တာမီလန်က ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်း စီးရီးအေပြိုင်ပွဲမှာ ဘိုလော့ဂ်နာ၊ ရိုးမားတို့ကို ဆက်တိုက်ဆိုသလိုရှုံးနိမ့်ပြီး အမှတ်ပေးဇယားဒုတိယနေရာဆီ ကျဆင်းသွားသလို ကိုပါအီတာလီယာဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့မှာလည်း မြိုခံပြိုင်ဘက်အေစီမီလန်ကို ဂိုးပြတ်အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်ကတည်းက အင်တာမီလန်ပဲ့ကိုင်ရှင်ဖြစ်လာတဲ့ အင်ဇာဂီက “ လေးနှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့တဲ့အရာတွေကို ပြီးခဲ့တဲ့သီတင်းပတ်တစ်ခုတာကာလနဲ့ ချေဖျက်ပစ်လိုက်လို့ မရပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်သုံးခုမှာ ကျွန်တော်တို့ ပိုကောင်းဖို့လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် အီတလီမှာ TOP 4 ဝင်ဖို့ အလွန်ခက်ခဲလိမ့်မယ်လို့ အချို့သူတွေ ပြောခဲ့ကြတဲ့ လေးနှစ်တာကာလအပြီးမှာတော့ ကျွန်တော်တို့တွေက ရည်မှန်းချက်အားလုံးပြည့်မီဖို့အတွက် တိုက်ပွဲဝင်နေကြပါပြီ”လို့ အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အခုဘောလုံးရာသီကုန်ဆုံးပြီးနောက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်တာမီလန်အတွက် လွန်ခဲ့တဲ့သီတင်းပတ်ခါးသီးမှုတွေကို ပြေပျောက်စေဖို့ ဘာစီလိုနာနဲ့ရင်ဆိုင်မယ့်ပွဲစဉ်က အခွင့်အလမ်းတစ်ခု ဖြစ်လာပါတယ်။ အင်ဇာဂီက “ ကျွန်တော်တို့က ဆိုးဝါးတဲ့ရက်သတ္တပတ်ကို ကျော်ဖြတ်လာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ပိုကောင်းအောင်လုပ်နိုင်စွမ်းရှိသလို ပိုကောင်းအောင်လုပ်သွားဖို့လည်း လိုအပ်ပါတယ်။
တိုက်စစ်စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ ဂိုးတွေအများကြီးသွင်းယူထားတဲ့ လက်ရှိကမ္ဘာ့အကောင်းဆုံးကလပ်အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်ကြောင့် ကျွန်တော်တို့ စိတ်လှုပ်ရှားခဲ့ပါတယ်။ လိုအပ်မယ်ဆိုရင် ကျွန်တော်တို့တွေ စွန့်လွှတ်အနစ်နာခံမှုအပြည့်နဲ့ ကစားမယ့်စွမ်းဆောင်ရည်မျိုး ရှိနေရပါတယ်။ နည်းစနစ်ပိုင်းအရ ရှင်းရှင်းလင်းလင်းဖြစ်နေဖို့လည်း လိုအပ်ပါလိမ့်မယ်။ အားကောင်းလွန်းတဲ့ပြိုင်ဘက်ကို အနိုင်ယူဖို့ ကျွန်တော်တို့အတွက် အစိတ်အပိုင်းတွေအများကြီး လိုအပ်ပါတယ်။
သူတို့တွေက မယုံကြည်နိုင်လောက်စရာကိန်းဂဏန်းမျိုးတွေ ပိုင်ဆိုင်ထားပြီး ပြိုင်ပွဲလမ်းကြောင်း နှစ်ခုထက်မနည်းကို ယှဉ်ပြိုင်နေသလို ဆုဖလားနှစ်လုံးလည်း ဆွတ်ခူးထားနိုင်ပါတယ်။ ဒီအတွက် လေးစားမှုအပြည့်ရှိပါတယ်။ ဒါပေမယ့် မကြောက်လန့်ပါဘူး။မနက်ဖြန်ဆီမီးဖိုင်နယ်ပွဲစဉ်ကို စစ်မှန်တဲ့အင်တာမီလန်အသင်းလိုမျိုး ယှဉ်ပြိုင်ကစားသွားချင်ပါတယ်”လို့ ပြောပါတယ်။
အင်တာမီလန်အတွက် စီရီးအေသွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူကာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတဲ့ တိုက်စစ်မှူးမားကပ်စ်သူရမ်က ဒဏ်ရာအခြေအနေမှ ပြန်လာနိုင်ပြီဖြစ်ပေမယ့် နည်းပြကိုယ်တိုင်ကတော့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ရှိ၊မရှိ အတည်မပြုပေးခဲ့ပါဘူး။
အင်ဇာဂီက “ ဒီနေ့မှာတော့ သူရမ်က အသင်းနဲ့အတူ သူ့ရဲ့ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ကို စတင်နိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ဒုတိယအကျော့ပွဲစဉ်အပြီး ကျွန်တော်တို့ သူ့ကို မမြင်ရတော့ပါဘူး။ သူက အကောင်းဆုံးတွေ လုပ်ဆောင်ပြခဲ့ပေမယ့် ပွဲကစားချိန်ပေးဖို့တော့ ကျွန်တော် ပြန်သုံးသပ်ရပါဦးမယ်။ သူနဲ့လည်း ပြန်ပြီးဆွေးနွေးရပါဦးမယ်။နောက်ခံလူပါဗက်မှလွဲပြီး ကျန်ကစားသမားအားလုံး အသင်းနဲ့အတူ ရှိနေကြပါတယ်”လို့ ဆိုပါတယ်။ ပါဗက်က ရိုးမားနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်ရဲ့ပွဲချိန် ၁၅ မိနစ်မှာပဲ ခြေကျင်းဝတ်ပြဿနာတစ်ခုနဲ့အတူ လူစားလဲလှယ်ခဲ့ရပါတယ်။