
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မက်ဆီဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ယုံကြည်ကြောင်းပြောကြားလာတဲ့ အော်တာမန်ဒီ
အာဂျင်တီးနားလက်ရွေးစင်နောက်ခံလူ နီကိုလက်စ်အော်တာမန်ဒီက အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် ဆက်လက်ပါဝင်ကစားသွားမယ်လို့ ယုံကြည်ကြောင်း ပြောကြားလာခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့်နွေရာသီ အမေရိကန်မှာ ကျင်းပသွားမှာဖြစ်ပြီး မက်ဆီအနေနဲ့ အဆိုပါပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဖို့ တိကျသေချာတဲ့ဆုံးဖြတ်ချက် မချမှတ်ရသေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ဆုဖလားကိုဆွတ်ခူးပေးနိုင်ခဲ့တဲ့ မက်ဆီအနေနဲ့ ဒီတစ်ခေါက်မှာလည်း အသင်းကိုဆက်လက်ဦးဆောင်သွားနိုင်ဖို့ အသင်းသားတွေက မျှော်လင့်နေတာဖြစ်ပါတယ်။
Radio La Red နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ အော်တာမန်ဒီက "ကမ္ဘာ့ဖလားပြိုင်ပွဲနီးကပ်လာတာနဲ့အမျှ သူလည်း သူ့ရဲ့ဆုံးဖြတ်ချက်ကို တဖြည်းဖြည်းချမှတ်သွားပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အမြင်မှာတော့ သူဒီပြိုင်ပွဲကို အလွဲခံမှာမဟုတ်ပါဘူး။ မက်ဆီက မက်ဆီပါပဲ။ ကမ္ဘာ့အကောင်းဆုံးပြိုင်ပွဲမှာ သူ့လိုကမ္ဘာ့အကောင်းဆုံးကစားသမားရှိနေဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ သူ့ရဲ့ကစားသမားဘဝပြီးပြည့်စုံဖို့ ကမ္ဘာ့ဖလားသာလိုအပ်တော့တယ်လို့ ပြောကြားထားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်ဘက်ကို ၂ ဂိုးသွင်းနိုင်ခဲ့ကာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ လာမယ့်နှစ်ကမ္ဘာ့ဖလားကျင်းပချိန်မှာ မက်ဆီဟာ အသက်-၃၉ နှစ်ပြည့်မွေးနေ့ကျင်းပသွားရမှာဖြစ်ပေမယ့် လက်ရှိအခြေအနေတွေအရတော့ ပါဝင်ကစားဖို့ အလားအလာများနေပါတယ်။
တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုအတွင်းမှာ အာဂျင်တီးနားဟာ ထိပ်ဆုံးကနေပြတ်ပြတ်သားသားဦးဆောင်ထားပြီး ဒုတိယနေရာက အီကွေဒေါကို ရမှတ် ၁၀ မှတ်အထိ ဖြတ်တောက်ထားပါတယ်။ လာမယ့်စက်တင်ဘာလမှာတော့ အာဂျင်တီးနားဟာ နောက်ဆုံးခြေစစ်ပွဲစဉ်တွေအဖြစ် ဗင်နီဇွဲလား၊ အီကွေဒေါတို့နဲ့ ကစားသွားရပါမယ်။