The network connection is lost.

Banner Image

ဘင်ဖီကာနဲ့ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် အသင်းရဲ့လူစာရင်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိတဲ့ ကွန်ပနီ

ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက အသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘင်ဖီကာနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့ပေမယ့်  လူစာရင်းကိုတော့ အသိပေးခဲ့ခြင်းမရှိပါဘူး။ 
ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဘင်ဖီကာနဲ့တွေ့ဆုံထားခဲ့လို့ အဆိုပါပွဲစဉ်မှအတွေ့အကြုံတွေကို ယခုပွဲစဉ်မှာအသုံးချသွားမယ်လို့ ကွန်ပနီကဆိုပါတယ်။ ဘယ်လ်ဂျီယံသားနည်းပြက "ဘင်ဖီကာရဲ့အကြောင်းကို ကျွန်တော်တို့ကောင်းကောင်းသိပါတယ်။ အရည်အသွေးမြင့်အသင်းတစ်သင်းဖြစ်ပြီး ဂိုးသွင်းနိုင်တဲ့ကစားသမားတွေလည်း အများအပြားပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့လိုအသင်းတွေနဲ့ ကစားနေကျဖြစ်လို့ ဘယ်လိုကစားရမလဲ ကောင်းကောင်းသိနေမှာပါ"

"ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ ချန်ပီယံလိဂ်မှာထိပ်တိုက်တွေ့ဆုံခဲ့ပြီး သူတို့က ၅-၃-၂ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ ဘိုကာထက်စာရင် သူတို့က ကစားရပိုခက်မှာသေချာပါတယ်။ ဒီပွဲအတွက် ကျွန်တော်တို့ ကောင်းကောင်းပြင်ဆင်ထားပါတယ်။ သူတို့ တိုက်စစ်ကစားသည်ဖြစ်စေ၊ ခံစစ်ကစားသည်ဖြစ်စေ ကျွန်တော်တို့ အဲဒီအတွက် ပြင်ဆင်ထားပါတယ်။ မနက်ဖြန်ပွဲမှာ အပူချိန်က ၄၀ ဒီဂရီလောက်မြင့်တက်နိုင်တယ်ကြားရလို့ ဒါက ပွဲအတွက် သိသာထင်ရှားတဲ့သက်ရောက်မှုဖြစ်လာနိုင်ပါတယ်"

"ပြီးခဲ့တဲ့ရာသီ ဘင်ဖီကာနဲ့ကစားခဲ့တုန်းက ကျွန်တော်တို့က ပိုကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီပြိုင်ပွဲမှာ ဆုဖလားရဖို့ဆိုရင်တော့ ကစားသမားတွေအားလုံး ကြံ့ခိုင်နေဖို့လိုပါတယ်။ ဒီလိုကြီးမားတဲ့ပြိုင်ပွဲမျိုးမှာ အသေးစိတ်အချက်အလက်လေးတွေက ပွဲရဲ့အဆုံးအဖြတ်ဖြစ်သွားနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ကွန်ပနီက "မနက်ဖြန်ပွဲအတွက် အသင်းရဲ့လူစာရင်းကို ကျွန်တော်ပြောပြသွားမှာမဟုတ်ပါဘူး။ အသင်းရဲ့ကစားသမားတစ်ယောက်ချင်းစီက အရေးကြီးပါတယ်။ ဘယ်သူက ပိုကစားရသည်ဖြစ်စေ မကစားရသည်ဖြစ်စေ ကျွန်တော့်အတွက်အရေးကြီးတာကတော့ အလုပ်ဖြစ်နေဖို့ပါပဲ။ အခု နူအာက ကြံ့ခိုင်မှုပြည့်ဝနေပါတယ်။ သူက ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ရဲ့ နံပါတ် ၁ ဂိုးသမားပါ။ ဂျိုနက်စ်အာဘစ်နဲ့ ဒန်နီယယ်ပီရက်ဇ်တို့လည်း အဆင့်သင့်ဖြစ်နေပါတယ်။ ဒီလိုပြိုင်ပွဲမှာရရှိသွားမယ့် အတွေ့အကြုံက သူတို့အတွက် အရမ်းအရေးကြီးပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ကွန်ပနီဟာ လက်ရှိဘင်ဖီကာနောက်ခံလူ နီကိုလက်စ်အော်တာမန်ဒီနဲ့ မန်စီးတီးမှာတွဲဖက်ကစားခဲ့ဖူးပြီး ယခုအခါမှာတော့ ပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ကွန်ပနီက "သူနဲ့ပြန်တွေ့ရမှာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ ပွဲစဉ်တွေအများကြီး အတူတူကစားခဲ့တာပါ။ သူနဲ့အရမ်းကောင်းတဲ့အမှတ်တရတွေလည်း ရှိခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။